Home ထိပ်တန်းသတင်း လှိုင်းဘွဲမြို့နယ်ရှိ ရွာသူရွာသားများ အား နအဖစစ်တပ်မှ ‌ပေါ်တာဆွဲ‌နေ

လှိုင်းဘွဲမြို့နယ်ရှိ ရွာသူရွာသားများ အား နအဖစစ်တပ်မှ ‌ပေါ်တာဆွဲ‌နေ

1719
ဒီဇင်ဘာလ ၂၃ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ကျေးနယ်များမှ ရွာသူရွာသားများအား ဒီဇင်ဘာလလယ်ပိုင်းမှ ယခုအချိန်ထိ နအဖ စစ်တပ်နှင့် နယ်ခြား‌စောင့်တပ်များမှ ‌ပေါ်တာအဖြစ် အဓမ္မ‌ခေါ်ယူအသုံးချ‌နေ‌ကြောင်း နယ်စပ်မှလာသည့် သတင်းများအရသိရသည်။

နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်နှင့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၉) လက်‌အောက်ခံတပ်ရင်းများသည် လှိုင်းဘွဲမြို့နယ်၊ က‌ဆောဝါး‌လေး(ဆင်ဖြူ‌တောင်)ရှိ ၎င်းတို့၏ ရိက္ခာစု‌ဆောင်းထားရှိရာ‌နေရာသို့ တပ်ရိက္ခာပို့‌ဆောင်ရန်အတွက် ‌ကျေးနယ်များမှ ရွာသားများကို ‌ပေါ်တာဆွဲရာတွင် နယ်ခြား‌စောင့်တပ် BGF (၁၀၁၂)တပ်ရင်းမှ တာဝန်ယူလျှက်ရှိ‌ကြောင်း ‌ကေအဲန်ယူ ဖားအံ ခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက ယခုလို ‌ပြောသည်။

“နအဖ ခလရ(၆၁)၊ ခမရ(၁၀၆)တပ်‌တွေက လှိုင်းဘွဲမြို့နယ်ထဲက ‌ကျေးနယ်‌တွေမှာ ပြီးခဲ့တဲ့ ဆယ်ရက်‌လောက်ကတည်းက ‌ပေါ်တာဖမ်း‌နေတာ။ သူတို့(နအဖ)က ဆင်ဖြူ‌တောင်မှာ သူတို့ရိက္ခာကို စု‌ဆောင်းထား‌နေကျ‌လေ။ အခုလည်း အဲဒီကို ရိက္ခာ ပို့ဖို့အတွက် ကားနဲ့သယ်လို့ အဆင်မ‌ပြေ‌တော့ လူနဲ့ပဲသယ်ခိုင်းတာ။ ‌ပေါ်တာဆွဲဖို့အတွက်ကို BGF (၁၀၁၂)တပ်ရင်းကလည်း ဝိုင်းကူ‌ပေး‌နေတယ်လို့ သိရတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ ‌ပေါ်တာဆွဲရာတွင် ရွာ ၂ရွာ၊ ၃ရွာရှိသည့် ‌ကျေးနယ်တခုလျှင် လူအ‌ယောက် ၅ဝစီ ‌တောင်းခံ‌ကြောင်းနှင့် ယခုလို ‌ပေါ် တာအဆွဲခံရသည့် ‌ကျေးရွာများမှာ ပိန္နဲ‌တော၊ ကွီး‌လေး၊ သကွီးကလား၊ ဝိုင်း‌ထော်၊ ကြာအင်း၊ ဝါးကုပ်‌တော၊ ‌ဖွေးဖိုးကလားရွာ များအပြင် မဲစမိတ်၊ ‌နောင်ကိုင်‌ကျေးရွာများမှ အမျိုးသမီး‌ပေါ်တာများလည်း ပါဝင်‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

နယ်ခံတစ်ဦးက “ပိန္နဲ‌တောရွာမှာ‌တော့ ခလရ(၆၂)တပ်ရင်းက ဒီလ ၂၁ရက်‌နေ့က‌နေစပြီး ‌ပေါ်တာဆွဲ‌နေတာ ဒီ‌နေ့အထိပဲ။”ဟု ‌ပြောသည်။

သို့‌သော် ‌ပေါ်တာအဖြစ် ‌ခေါ်‌ဆောင်ခြင်းခံရသည့် ရွာသူရွာသားများအနက် စုစု‌ပေါင်း အမျိုးသမီး၊ အမျိုးသားဦး‌ရေ အတိအကျ ကို သိရှိရန်အတွက် ‌ကေအိုင်စီက ဆက်လက် စုံစမ်း‌နေဆဲပင် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နှင့် ၆ရက်‌နေ့များတွင် ‌ကေအဲန်ယူ တပ်မဟာ(၇)လက်‌အောက်ခံ တပ်ရင်း(၂၀၂)နှင့် ဗဟိုအထူး ‌ပြောက်ကျားတပ်ဖွဲ့တို့ ပူး‌ပေါင်းကာ မာနယ်ပ‌လောဂွင်ရှိ ဆင်ဖြူ‌တောင်၊ ကြယ်‌ပြောင်ကုန်းနှင့် ထီး‌သေ့ဟီး‌ကျေးရွာအနီးတွင် နအဖ ခလရ(၂၈) တပ်ဖွဲ့ဝင်များကို ‌ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၆ဦးကျဆုံးကာ ၄ဦး ထိခိုက်ခဲ့သလို စစ်ကားတစ်စီးလည်း မိုင်းထိမှန်ကာ ပျက်စီးသွားခဲ့သည်။

နအဖတပ်များသည် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ လှိုင်းဘွဲမြို့နယ်၊ မာနယ်ပ‌လောတဝိုက်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ‌နေရာများကို ‌ကေအဲန်ယူတပ်များက ‌ပြောက်ကျားတိုက်ခိုက်သည့်အတွက် မာနယ်ပ‌လော‌ဒေသရှိ နို့‌ဒေး‌ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရာနှင့်ချီသည့် နို့‌ဒေးရွာသားများမှာ ‌ကျေးရွာစွန့်ခွာ၍ နယ်စပ်နှင့် ထိုင်းဘက်ခြမ်းသို့ ထွက် ‌ပြေး‌နေခဲ့ရသည်။

အဆိုပါ မာနယ်ပ‌လော‌ဒေသတွင် ‌ကေအဲန်ယူ နယ်‌မြေခံတပ်များအပြင် နအဖ ရတခနှင့် စကခ(၁၉) လက်‌အောက်ခံ တပ်ရင်း များဖြစ်သည့် ခလရ(၆၁)၊ ခလရ(၆၂)၊ ခလရ(၂၈)၊ ခမရ(၃၄၃)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ ခမရ(၅၈၇)တပ်ရင်းများက စစ်‌ရေး လှုပ်ရှားလျှက်ရှိသလို နယ်ခြား‌စောင့် တပ်ဖွဲ့ဝင်များကလည်း ‌ကေအဲန်ယူထံ ထွက်‌ပြေး‌ရောက်ရှိလာ‌နေသည်။