အဲခေါင်သောင့် (ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၁၀)
နအဖစစ်အစိုးရဟာ ၎င်းတို့ စိတ်ကြိုက်အစိုးရတခု ပေါ်ထွက်လာဖို့အတွက် အတုအယောင် ရွေးကောက်ပွဲကြီးကို အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာတွေ ဝေဖန်နေတဲ့ကြားထဲ နိုဝင်ဘာလ ၇ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးပြဿနာ တိုင်းရင်းသားအရေး ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း နိုင်ဘဲနဲ့ ရွေးကောက်ပွဲကြီး ဇွတ်အတင်း ကျင်းပလိုက်တာဟာ ပြဿနာကို ပိုပြီး ကြီးထွားလာအောင်နဲ့ ပြည်တွင်းစစ်မီး နောက် ထပ်တဖန် ပိုကြီးထွားလာအောင် တွန်းပို့မယ့် သွေးမြေကျမယ့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ နိုဝင်ဘာလ ၇ရက်နေ့မှာပဲ နအဖကို အာခံတဲ့ တိုက်ပွဲကြီးတွေ မြဝတီ၊ ဘုရားသုံးဆူ စတဲ့ မြို့တွင်းတွေအထိပင် ဖြစ်ပေါ်လာခဲ့ရတယ် မဟုတ်ပါလား။
ဗိုလ်မှူးချုပ်စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေရဲ့ မြို့တွင်းကနေတဆင့် စတင်လာခဲ့တဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားတပ်တွေနဲ့ နယ်မြေတွေကို မလိမ့်တပတ်နဲ့ မောင်ပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်အသွင် ပြောင်းဖို့ ဖိအားပေးနေတာတွေ၊ တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကြီး ကျင်းပနေတာတွေနဲ့ အပစ်ရပ်ထားတဲ့ ၁၅နှစ်အတွင်း ဖြစ်တည်လာတဲ့ မကျေနပ်ချက်တွေကနေ စုပြုံအံထွက်ကျလာတဲ့ လွတ်မြောက်မှုတိုက်ပွဲတွေပဲ ဖြစ်ပါတယ်။
မြဝတီမြို့နဲ့ ဘုရားသုံးဆူမြို့မှာ စတင်လာခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖစစ်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ ကြာအင်းဆိပ်ကြီး ကော့ကရိတ်စတဲ့ ကရင်ဒေသ တော်တော်များများမှာ ဂယက်ရိုက်ခတ်သွားပြီး တနေ့ထက်တနေ့ အရှိန်ပြင်းစွာ ဖြစ်ပွားလာခဲ့ တာ ယခုချိန်ထိပဲ ဖြစ်ပါတယ်။ အနှစ် ၂၀ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲနေ့မှာပင် နအဖစစ်တပ်ကို ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ပွဲဝင်ခဲ့သူ ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ကို အဖိ နှိပ်ခံပြည်သူများ၊ အတိုက်အခံ အင်အားစုများနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများမှ လှိုက်လှဲစွာ ကြိုဆို ထောက်ခံခဲ့ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲကြီး ဗန်းပြကျင်းပပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတရပ် ဖော်ဆောင်နေပါ ကြောင်း ကမ္ဘာကြီးကို လိမ်ညာဖို့ ကြံစည်နေတဲ့ နအဖစစ် ခေါင်းဆောင်တွေရဲ့ အကြံအစည်ကို ဖွင့်ချလိုက်သလို ဖြစ်သွားစေ ပြီး စစ်ခေါင်းဆောင်တွေကို အရှိုက်ထိသွားစေတဲ့ ထိုးနှက်ချက်တွေလို့လည်း ဆိုလို့ရနိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ မှာပင် ယခုလို မြို့တွင်း လက်နက်ကိုင်တိုက်ပွဲမျိုး ဖြစ်လာခဲ့မယ်ဆိုတာ နအဖတွေ တွေးထင်ထားခဲ့မိပုံ မရပါဘူး။
ဒါကြောင့်လည်း အရူးချီးပန်းဖြစ်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ အခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာပြီး ကေအဲန်ယူ က တိုက်ခိုက်နေတာဖြစ်ကြောင်း ၎င်းတို့မီဒီယာကနေတဆင့် ထုတ်ဖော်ရေးသား ဖော်ပြလာကာ ၎င်းတို့နဲ့ အပစ်ရပ်လက်နက် ကိုင်တွေအကြား ပဋိပက္ခမရှိကြောင်း ဖုံးကွယ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ တဖက်မှလည်း ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ကို အမြစ်ပြတ် ချေမှုန်းပြီး နယ်မြေပြန်လည် ထိန်းချုပ်သွားနိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ထုတ်သုံးလာခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် နအဖအတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။
နယ်မြေကျွမ်းကျင်မှုနဲ့ စိတ်ဓါတ်ရေးရာအရ အပေါ်စီးကနေ ရှိနေတဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေက တိုက်စွမ်းရည်နဲ့ စိတ်ဓါတ်ရေးရာ ဘာမှမရှိတော့တဲ့ နအဖစစ်သားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး အတုံးအရုံးနဲ့ ကျဆုံး ဒဏ်ရာတွေ ရနေတာကို နေ့စဉ်တိုက်ပွဲသတင်း ကြည့်ခြင်းအားဖြင့် ခန့်မှန်းသိရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နအဖ ခေါင်း ဆောင်တွေနဲ့ ရှေ့တန်းတပ်မှူးတွေဟာ ရှုံးမဲ မဲလာပြီး ဝါးလုံးရှည်ကြီးနဲ့ ရမ်းဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒါကလည်း ခေတ်အဆက်ဆက် ဖဆပလ၊ မဆလ၊ နဝတ၊ နအဖစတဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးနေတဲ့ စစ်တပ်တွေရဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
နအဖတပ်ဖွဲ့ဝင်တိုင်းလိုလို ကြွက်မနိုင် ကျီမီးရှို့တတ်တာကြောင့် ၎င်းတို့ရဲ့ စစ်သင်တန်း ပို့ချချက်တွေမှာ သင်ရိုးညွှန်း တန်းတခုအနေနဲ့ ပို့ချနေသလားလို့ပင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။ ပထမဆုံး ဝါးလုံးရှည်နဲ့ ရမ်းသွားတာကတော့ ဒီကေဘီအေနဲ့ နအဖတိုက်ပွဲ ပြင်းထန်ရာ ဒေသတခုဖြစ်တဲ့ ဝေါလေမှာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ နအဖစစ်တပ်နဲ့ ဘာပြဿ နာမှမရှိတဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဗိုလ်ချုပ်ထင်မောင်ဦးဆောင်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ဂိတ်တခုကို သွားရောက်ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် ငြိမ်းအဖွဲ့ဝင်တဦး ပွဲချင်းပြီး ကျဆုံးသွားတဲ့အပြင် နောက်တပ်ဖွဲ့ဝင် ၆ဦးကိုလည်း ဖမ်းဆီးကာ ပြောင်းဖူးခင်းတနေရာတွင် ရက်ရက်စက်စက် ကြိုးတုတ်ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ် ပါတယ်။
ဒီဖြစ်စဉ်ကို လေ့လာကြည့်ရင် မှားပြီး ပစ်ခတ်မိတဲ့အရာတခု မဟုတ်သလို ရှေ့တန်းတပ်တွေရဲ့ လက်လွတ်စပယ် လုပ်သွားတဲ့ ဖြစ်ရပ်တခုလည်း မဟုတ်ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် နအဖစစ်တပ်ဟာ ၎င်းကို အာခံနေသူ ဒါမှမဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု လက်မခံ သူတွေကို တချိန်မဟုတ်တချိန်မှာ နှိမ်နှင်းသွားမယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ရပါတယ်။ ဘာဖြစ်လဲဆိုတော့ ဗိုလ်ချုပ်ထိန် မောင်က နယ်ခြားစောင့်တပ် အသွင်ပြောင်းမယ့် ကိစ္စကို ခါးခါးသီးသီးနဲ့ ငြင်းဆန်ခဲ့တယ် မဟုတ်ပါလား။
တဖက်ပြန်ကြည့်ရင်လည်း လက်နက်ကိုင်ဆောင်ထားတဲ့ ကရင်အဖွဲ့အစည်းတိုင်းလိုလိုကို သံသယစိတ်တွေထားပြီး တနေ့မဟုတ် တနေ့ ပြန်တိုက်ရမယ်လို့ တထစ်ချ ယုံကြည်မှုတွေ ရှိနေတာကြောင့် လက်ဦးမှုယူလိုက်တယ်လို့လည်း ယူဆလို့ ရနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီကရင်တွေဟာ အတူတူပဲ အားလုံးရှင်း(သတ်ပစ်)လိုက်လို့ ဗိုလ်ချုပ်ထင်မောင်အဖွဲ့ကို သွားပစ် တဲ့အချိန်က နအဖတပ်မှူးတဦး ပြောသွားခဲ့တာက သက်သေပြနေပါတယ်။ တကယ်တော့ နအဖ စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်တွင်းမှာ ၎င်းရဲ့တပ်မတော်တခုကလွဲပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုမှ ရပ်တည်ခွင့် အသက်ရှူခွင့်ပေး ချင်နေတာ မဟုတ်ပါဘူး။
မတတ်သာလို့သာ ခဏတဖြုပ်လေး ထိန်းထားနိုင်ဖို့ ချော့မော့ကာ လက်နက်ကိုင်ဆောင်ခွင့် ပေးထားရသော်လည်း အခွင့်အခါသင့်ရင် သင့်သလို အပြီးအပြတ် ဖြုတ်သိမ်းသွားမယ်ဆိုတာ ယုံမှားသံသယရှိစရာပင် မလိုပါဘူး။ ဒီအချိန်မှာ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းသွားခဲ့တဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့နဲ့ အခြား ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ ဟာလည်း ကိုယ့်အခြေအနေ ကိုယ်ပြန်ဆန်းစစ်ဖို့ လိုပါပြီး။ ကိုယ်ပိုင်အဖွဲ့နဲ့ ရပ်တည်ခဲ့ရာကနေ ၎င်းတို့တပ်ဖွဲ့အောက်ကို လုံး လုံး သွပ်သွင်းလိုက်ပြီးမှ အခြေအနေတခုပေါ်မှာသာ လက်နက်ကိုင်ဆောင်ခွင့်လေး ပေးထားတာကို ကိုယ့်ကိုယ်ကို ဟုတ်နေ လောက်ပြီလို့ မထင်ထားကြပါနဲ့အုံး။
လက်နက်ကိုင်ဆောင်ခွင့်လေး ပေးထားတာဟာ တကယ်တော့ ချက်ချင်းကြီး ဖြုတ်သိမ်းမရနိုင်သေးလို့ ကြိုးရှည်ရှည် နဲ့ လှမ်းထားပြီးတော့ တနေ့တချိန်မှာ အခွင့်သင့်သလို ဖြုတ်သိမ်းသွားဖို့အတွက်ပါ။ တဖက်မှာလည်း ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်လို့ ရလိုရငြား ခါးပိုက်ဆောင် မွေးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် ကရင်တပ်ဖွဲ့ဝင်တွေအား လုံး အရေးကြီးရင် သွေးနီးရပါတော့မယ်။ လတ်တလော နအဖကို ပြန်လည်တိုက်ပွဲဝင်နေတဲ့ ဗိုလ်နှုတ်ခမ်းမွှေးကို ဝန်းရံသွားဖို့ နဲ့ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးကို ဖော်ဆောင်နေတဲ့ ကေအဲန်ယူအဖွဲ့ကိုလည်း ဝန်းရံသွားဖို့သာ ရှိပါတယ်။ သမိုင်းရဲ့ တောင်းဆိုချက်အရ လုပ်ဆောင်ရတော့မယ့် အချိန်ကောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် နအဖရဲ့ အခိုင်းစေခံ ကရင်လက် နက်ကိုင်အချို့အနေနဲ့ ကိုယ့်အမျိုးသားအချင်းချင်း သေနတ်ပြောင်းဝ ပြန်ချိန်ထိုးတာတွေကို ပြန်လည်ရုပ်သိမ်းပြီး အလွန်ယုတ် မာ ကောက်ကျစ်လှတဲ့ နအဖစစ်ခေါင်းဆောင်တွေရဲ့ ခေါင်းတည့်တည့်ကို ပြန်ချိန်ထိုးဖို့ ဝန်မလေးသင့်တော့ပါဘူး။
နောက်ဆုံးအနေနဲ့ ကရင်ထုတရပ်လုံး အလိုလားဆုံးနဲ့ အမြင်ချင်ဆုံးသော စည်းလုံးညီညွတ်စွာ အတူတကွ ဥမကွဲ သိုက်မပျက် ပူးပေါင်းဆောင်ရွက်မှုတွေကို အမြန်ဆုံး ဖော်ဆောင်ပြီး သမိုင်းစာမျက်နှာသစ်တရပ်ဖွင့်ဖို့ အချိန်တန်ပါပြီး။ မိမိတို့ အချင်းချင်း အနှစ်သာရ ပြည့်ဝတဲ့ စည်းလုံးညီညွှတ်မှုကို ပြန်လည် တည်ဆောက်ပြီး တဖက်မှာလည်း အခြားဘဝတူ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ဖြင့် မဝေးသော လက်တကမ်းမှာပဲ ကမ္ဘာသူ ကမ္ဘာသားတရပ်လုံး လိုလားတောင့်တ မြင်ချင်လွန်းလှတဲ့ နအဖ စစ်အာဏာရှင်စနစ် ဆိုးကြီး ပြိုကွဲပျက်စီးသွားမှုကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။