နိုဝင်ဘာ ၂၄ရက်။ မနိုက်အွာ (ကေအိုင်စီ)
ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ရက်နေ့မှ ၁၂ရက်နေ့အတွင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ကရင်ပြည်နယ်၏ နယ်စပ်မြို့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအရှိန်က ယခုအချိန်ထိ မတည်ငြိမ်သေးပေ။ ထို့အတွက် ဒေသခံလူထု၏ စိုးရွံ့ထိတ် လန့်မှုများက ရှိနေဆဲပင် ဖြစ်သည်။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့တွင် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသော ဒီကေဘီအေ တပ်မ ဟာ(၅) တပ်ဖွဲ့ဝင်များနှင့် နအဖ တပ်များ နိုဝင်ဘာ ၈ရက်နေ့မှစ၍ မြို့ပေါ်တိုက်ပွဲ စတင် ဖြစ်ပွားခဲ့မှုကြောင့် ပစ်ခတ်မှုကြောင့် မြို့ ခံ ၅ဦးသေဆုံးခဲ့ကာ ၃ဝဦး ဒဏ်ရာရခဲ့ပြီး လူထု ၂သောင်းကျော်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးလာခဲ့သည့်အဖြစ်မျိုး ထပ်ဖြစ်လာမည်ကိုတွေးပြီး ကြောက်ရွံ့နေကြသည်။
နိုဝင်ဘာလ ၁၉ရက်နေ့ကလည်း မြို့ပြင်ရွှေ့သွားကြသည့် ဒီကေဘီအေတပ်ဖွဲ့က လာရောက်ပစ်ခတ်မည့် ကောလဟလကြောင့် မြို့ခံများမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်နေ အမျိုးသမီးတဦးက ယခုလို ပြောသည်။
“ဒီနေ့လည်း မြဝတီမှာ အခြေအနေမကောင်းသေးဘူး။ ဒီနေ့ ၃နာရီလောက်မှာ ဒီကေဘီအေတွေ လာပစ်မယ်ဆိုပြီးတော့ သတင်း ကြားလို့လေ။ လူတွေက ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ ကလေးတွေလည်း မိဘတွေ ကျောင်းက သွားကြိုလာကြတယ်။ အချို့ လည်း မဲဆောက်ဘက်ကို ပြေးဖို့ လုပ်နေကြတယ်။ ကြောက်ကြတာပေါ့။ အရင်တခေါက်လို ပြန်ဖြစ်မှာကို စိုးရိမ်နေကြတယ်။”
သူမက “တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုယ့်အိမ်မှာ ပြန်နေကြပေမဲ့ ကြောက်နေကြတုန်းပဲ။ စိတ်မအေးရဘူး။ အလုပ်လုပ်လည်း စိတ် မဖြောင့်ဘူး။ ထွက်ပြေးခဲ့တုန်းက ထုပ်ထားတဲ့ အထုပ်တွေကိုလည်း အခုထိ မဖြည်ရသေးဘူး။ ထပ်ဖြစ်လို့ ထပ်ပြေးရရင် ယူရ လွယ်ကူအောင်လို့လေ။”ဟု ဆက်ပြောသည်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်နေ့ကတည်းက ပိတ်လျှက်ရှိသည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ယခုအချိန်ထိ ပြန်လည် ဖွင့် လှစ်ခြင်းမရှိသေးမှုနှင့် နယ်စပ်အခြေအနေ မအေးချမ်းမှုများကြောင့် သာမန် လက်လုပ်လက်စားများအဖို့ အလုပ်အကိုင်မဲ့ဖြစ်ကာ စားဝတ်နေရေး ခက်ခဲနေရသည်။
နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲဖွဲ့စည်းခဲ့သည့်အထဲတွင် မပါဝင်ခဲ့သည့် ဗိုလ်မှူးချူပ်စောလားပွယ်၏ ဒီ ကေဘီအေတပ်ဖွဲ့က တိုင်းရင်းသားပြည်သူလူထုကို လိမ်ညာလှည့်စားကာ အနိုင်ကျင့်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ်စောလားပွယ်က “ကျနော်တို့ရဲ့ လုပ်ရပ်ဟာ စစ်အစိုးရ ကျင်းပတဲ့ ၂၀၁ဝ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတဲ့ ရွေး ကောက်ပွဲတစ်ခု မဟုတ်ဘူးဆိုတာကို ပြသဖို့ပဲ ဖြစ်တယ်။”ဟု ဆိုသည်။
မြဝတီတိုက်ပွဲနှင့် တချိန်တည်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌လည်း ဒီကေဘီအေ တပ်မဟာ(၅) လက်အောက် ခံ (၉၀၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောအေဝမ်း ဦးစီးအဖွဲ့နှင့် နအဖ ခလရ(၂၈၃)တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် မြို့ခံလူထု တသောင်းကျော် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ဘုရားသုံးဆူ တိုက်ပွဲနောက်ပိုင်း နအဖ စကခ(၈)နှင့် စကခ(၁၂)လက်အောက်ခံ တပ်ရင်း ၅ရင်းမှ အင်အား ၅၀၀ကျော် တိုးချဲ့ လာသဖြင့် နယ်မြေခံ ကေအဲန်ယူတပ်များနှင့် တိုက်ပွဲဖြစ်လာနိုင်သည့်အပေါ် ရွာသားများက စိုးရိမ်ထိတ်လန့်ကြပြီး လွတ်မြောက် ရာသို့ အလားတူ ရှောင်တိမ်းနေကြသည်။
၎င်းအပြင် အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသည့် နအဖတပ်များသည် စစ်ပစ္စည်းနှင့် တပ်ရိက္ခာများ သယ်ဆောင်ရန် ရွာ သားများ၏ နွားလှည်းများကို ခေါ်ယူအသုံးပြုပြီး ရွာသားများကိုလည်း ပေါ်တာထမ်းခိုင်းခဲ့ကြောင်း သိရသည်။
စစ်အစိုးရက ရွေးကောက်ပွဲအပြီး နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့ကို ချေမှုန်းပစ်မည့်သတင်း ထွက်ပေါ် လာခဲ့သည်။ ထိုအခြေအနေကြောင့် ဒီကေဘီအေ တပ်မဟာ(၅) အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ် ဝေါ်လေကျေးရွာကို နိုဝင်ဘာ လ ၉ရက်နေ့တွင် နအဖ စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီး ဒီကေဘီအေ ခေါင်းဆောင်အိမ်အချို့ကို ဝင်ရောက်နေရာ ယူခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် ရွာသားတဦး ထိခိုက်ခဲ့ပြီး ဝေါ်လေ အပါအဝင် အနီးအနား ကျေးရွာအချို့မှ ရွာသူရွာသား ၄၀၀ကျော်လည်း ထိုင်းဘက်ခြမ်းရှိ ကျေးရွာများသို့ ထွက်ပြေးလာခဲ့သည်။ လက်ရှိအချိန်အထိ ထွက်ပြေးနေရသည့် အဆိုပါရွာသားများမှာ ၎င်းတို့၏ တောင်ယာ၊ လယ်ယာစပါး ရိတ်သိမ်းချိန်နှင့် ပြောင်းခင်းမှ ပြောင်းဖူးချိုးချိန်ဖြစ်၍ စစ်ရေးအတွက် ရတက်မအေးသော်လည်း အန္တရာယ်ကြားက နေ့ဘက်အလုပ်လုပ်၊ ညဘက် ရှောင်တိမ်းအိပ်စက်နေကြရကြောင်း ဒေသခံတဦးက ပြောသည်။
“အခြေအနေ မကောင်းချိန်မှာတော့ ကျနော်တို့ ပြောင်းခြံတွေ၊ အလုပ်တွေကို အဲဒီအတိုင်းပဲ ပစ်ထားလိုက်ရတယ်။ အခု ကျနော် တို့ ပြောင်းချိုးရတဲ့အချိန်ပါ။ အခြေအနေက ကြိုပြောလို့ မရဘူး။ အချိန်မရွေး ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ ကျနော်တို့ သတိနဲ့ အလုပ်လုပ်ရတာပေါ့။ ကြောက်နေလို့လည်း မဖြစ်ဘူးလေ။”ဟု ဝေါ်လေဂွင်မှ ဝါးမေထာ့ရွာသားတဦးက ပြောဆိုသည်။
နအဖ၊ ဒီကေဘီအေနှင့် ကေအဲန်ယူတပ်များ လှုပ်ရှားကာ တိုက်ပွဲများ မကြာခဏ ဖြစ်နေသည့် ဝေါ်လေဂွင်မှ ရွာသူရွာသားအချို့ မှာ လက်ရှိအချိန်တွင် မိမိတို့၏ ကျေးရွာများသို့ ပြန်လည်နေထိုင်ကြသူများလည်း ရှိသည်။
သို့သော် အများစုမှာ စစ်ရေးအခြေအနေကို စိုးတထိတ်ထိတ်နှင့် မျက်စိဖွင့်၊ နားစွင့်နေရင်း အမျိုးသမီးနှင့် ကလေးများကို ထိုင်း ဘက်ခြမ်းရှိ ဆွေမျိုးများထံ မှီခိုနေထိုင်နေကြသလို အချို့မိသားစုမှာလည်း သိကျွမ်းသူမရှိ၍ သစ်ရိပ်ဝါးရိပ်အောက်တွင် ယာယီ နေထိုင်နေကြရသည်။
ရွာသူအဖွားတစ်ဦးက “အိမ်ကိုလည်း မပြန်ရဲဘူး။ သူများနိုင်ငံမှာလည်း သိတဲ့သူမရှိတော့ သစ်ပင်အောက်တွေမှာပဲ နေတယ်။ ယောက်ျားတွေက ရွာထဲက အိမ်တွေကို ပြန်ကြည့်တယ်။ ဒါပေမဲ့ တယောက်မှတော့ ပြန်အိပ်လို့မရဲသေးဘူး။ ရှောင်အိပ်နေရတာပဲ လေ။ ဒီလိုနဲ့ ပြေးလိုက် ပြန်လာလိုက်ပါပဲ။”ဟု ဆိုသည်။
သို့သော် နိုဝင်ဘာလ ၁၇ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)နှင့် ဒီကေဘီအေ (၉၀၉)တပ်ရင်းတို့ နယ်စပ် တနေရာတွင် ပူးပေါင်းသွားကြပြီး စစ်အစိုးရကို ပြန်လည် ဆန့်ကျင်တော်လှန်မည်ဟု ဆိုသည်။ ထို့အတွက် ကရင်ပြည်နယ်၏ နယ် စပ်ဒေသတလျှောက်မှာ စစ်ရေး အခြေအနေ ပိုမို ရှုတ်ထွေးလာနိုင်ကြောင်း ဒေသခံများနှင့် စောင့်ကြည့်လေ့လာသူများက ခန့်မှန်း နေကြသည်။


















