Home ထိပ်တန်းသတင်း နအဖက တိုက်ခိုက်လာပါက စစ်‌ရေးပြင်ဆင်ပြီးဟု ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီဆို

နအဖက တိုက်ခိုက်လာပါက စစ်‌ရေးပြင်ဆင်ပြီးဟု ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီဆို

1880
စက်တင်ဘာလ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်ဖွဲ့စည်းရန် တရားဝင် ငြင်းဆန်လိုက်သည့် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ထို့‌ကော်ကိုး‌ကျေးရွာအ‌ခြေစိုက် ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီသည် နအဖက တိုက်ခိုက်လာ‌သော် ပြန်လည် တိုက်ခိုက်ရန် စစ်‌ရေး ပြင်ဆင်မှုများ လုပ်‌ဆောင်‌နေပြီဟု ထိုအဖွဲ့၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦးက ယ‌နေ့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ နိုင်ငံခြား‌ရေးရာ တာဝန်ခံ ဗိုလ်မှူးချုပ် ‌ဒေါက်တာ‌စောတီမ‌သေက “လ ကုန်လို့ ကျ‌နော်တို့ BGF မလုပ်လို့ရှိ ရင် ခင်ဗျားတို့ကို တိုက်ရမှာပဲလို့ နအဖ‌ပြောတယ်။ ကျ‌နော်တို့ဘက်ကလည်း ပြန်တိုက်ဖို့ အကုန်လုံးပြင်ဆင်ပြီးပါပြီ။ တ‌နေရာမှာ ‌သေနတ်သံမြည်လိုက်တာနဲ့ တ‌လျှောက်လုံးမြည်မှာပဲ။ ဒီ‌ကေဘီ‌အေနဲ့ ‌ကေအဲန်ယူ‌တွေလည်း နားလည်မှု ရယူထားပြီးသားပါ။”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ အ‌ခြေစိုက်ရာ ‌နေရာများတွင် နအဖစစ်တပ်များ အင်အားတိုးချဲ့လာပြီး ‌ခြေကုပ်‌နေ ရာယူထားသလို ငြိမ်းချမ်း‌ရေး‌ကောင်စီဘက်ကလည်း စစ်‌ရေးပြင်ဆင်မှုအတွက် တပ်အင်အားစုစည်းမှုများ လုပ်‌ဆောင်‌နေပြီဟု ဗိုလ်မှူးချုပ် ‌ဒေါက်တာ‌စောတီမ‌သေက ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ရက်‌နေ့က နအဖထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ မွန်ပြည်နယ် ‌မော်လမြိုင်မြို့တွင် ‌တွေ့ဆုံခဲ့ရာ၌ တစ်ပတ်အတွင်း နယ်ခြား‌စောင့်တပ်လက်မခံပါက မတရားအသင်းအဖြစ် ‌ကြေညာပြီး စစ်‌ရေး အရ အ‌ရေးယူမည်ဟု နအဖဘက်မှ သတိ‌ပေးခဲ့ပြီး‌နောက် ယခုလို နှစ်ဘက်စစ်‌ရေးပြင်ဆင်မှုများ ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်မှူးတဦးက “‌လော‌လောဆယ်အချိန်မှာ‌တော့ တအုံ‌နွေး‌နွေးပဲ။ အ‌ခြေအ‌နေ က အမျိုးမျိုး ‌ပြောင်းလဲနိုင်တယ်။ အထက်က ပြင်ဆင်ထားခိုင်းတယ်ဆို‌တော့ ကျ‌နော်တို့လည်း ပြင်ဆင်ထားတာပဲ။ ကျ‌နော်တို့က အထက်ရဲ့အမိန့်အတိုင်းပဲ လိုက်နာသွားမယ်။”ဟု ‌ပြောသည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီသည် ယမန်နှစ် ‌အောက်တိုဘာလ ၂ဝရက်‌နေ့က စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းရန် ဖိအား‌ပေးမှုကို ငြင်းဆန်ခဲ့သလို ဧပြီလ ၇ရက်‌နေ့က ‌မော်လမြိုင်၊ ‌တောင်ဝိုင်းရှိ အ‌ရှေ့‌တောင် တိုင်းစစ်ဌာချုပ်ရုံးတွင် အစည်းအ‌ဝေး ‌ခေါ်ကာ ပြည်သူ့စစ်အဖြစ် အသွင်‌ပြောင်းရန် ဖိအား‌ပေးခဲ့ခြင်းကိုလည်း ထပ်မံ ငြင်းဆန်ခဲ့သည်။

KNU-KNLA Peace Council ၏ အ‌ခြေအ‌နေအ‌ပေါ် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “သူတို့က အမှန်တကယ် ရန်သူကို ဆန့်ကျင်တိုက်ခိုက်လာလို့ရှိရင် အချင်းချင်းနားလည်မှု ရယူပြီး‌တော့ လိုအပ်တဲ့ အကူအညီကို ကျမတို့ ကူ ညီလို့ ရပါတယ်။ စစ်‌ရေးအရဖြစ်‌စေ‌ပေါ့။ အ‌ရေးကြီးဆုံးက ရန်သူကို ကျမတို့ ဝိုင်းဝန်းတိုက်ထုတ်ဖို့ပဲ လိုအပ်ပါတယ်။”ဟု ‌ပြော သည်။

ထို့‌ကော်ကိုး‌ဒေသတွင် နအဖနှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီအကြား တိုက်ပွဲ တစုံတရာ ဖြစ်ပွားလာပါက ထို‌ဒေသရှိ ‌ကျေးရွာ‌ပေါင်း (၂၀) ‌ကျော်မှ ‌ဒေသခံရွာသား ၅,၀၀၀‌ကျော် အိုးအိမ်များကို စွန့်ခွာပြီး စစ်‌ပြေးဒုက္ခသည် ဖြစ်လာနိုင်‌ကြောင်း ဘာသာ‌ရေးဆရာတစ်ဦး လည်းဖြစ်သည့် ‌ဒေါက်တာ‌စောတီမ‌သေက ဆက်‌ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်လို့က‌တော့ အနည်းဆုံး လူထု ၅,၀၀၀‌ကျော် ‌နေအိမ်စွန့်ခွာပြီး‌တော့ ထွက်‌ပြေးနိုင်တယ်။ တိုက်ပွဲအကြီးအကျယ် ဖြစ်မယ်ဆိုလို့ရှိရင် ဒီထက်မက ပြည်သူ‌တွေ ထွက်‌ပြေးလာနိုင်‌သေးတယ်။ ‌လော‌လောဆယ်‌တော့ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိဘူး။ အားလုံးဟာ ဘုရားသခင်လက်ထဲမှာပဲ ရှိပါတယ်။ ကျ‌နော်တို့ အ‌ခြေစိုက်ရာ‌နေရာနဲ့ အတတ်နိုင်ဆုံး ခပ်‌ဝေး‌ဝေး‌နေသွားဖို့ ပြည်သူ ‌တွေကို ကြို‌ပြောထားမှာပါ။”ဟု ‌ပြောသည်။

ယခင် ‌ကေအဲန်ယူ တပ်မဟာ(၇)မှူး‌ဟောင်း ဗိုလ်ချုပ်ထင်‌မောင် ဦးစီးသည့် KNU-KNLA ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီသည် ၂၀၀၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့ (ကရင်အမျိုးသား‌နေ့)တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်၍ နအဖနှင့် ငြိမ်းချမ်း‌ရေး ယူခဲ့‌သော ‌နောက်ဆုံး ကရင်ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်သည်။

ယခုအချိန်တွင် ကရင်ပြည်နယ် ဖားအံ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် အ‌ခြေချလှုပ်ရှားလျှက်ရှိပြီး လက်နက် ကိုင်တပ်ဖွဲ့ဝင်အင်အား ၂,၀၀၀‌ကျော်ရှိသည်ဟု ဗိုလ်မှူးချုပ် ‌ဒေါက်တာ‌စောတီမ‌သေ၏ ‌ပြောပြချက်အရ သိရသည်။

၁၉၈၉ခုနှစ်မှစ၍ နအဖ စစ်အစိုးရနှင့် ပစ်ခတ်ရပ်စဲထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ရှိပြီး ၎င်းတို့ကို နယ်ခြား ‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်း‌ရေးအတွက် ၂၀၀၉ခုနှစ်၊ ဧပြီလကတည်းက စစ်အစိုးရက စတင် ဖိအား‌ပေးလာခဲ့ရာ အခုချိန်တွင် အပစ်ရပ်အဖွဲ့ (၅)ဖွဲ့လက်ခံခဲ့ပြီးဖြစ်သည်။