Home ထိပ်တန်းသတင်း အပစ်ရပ်ဂိတ်များမှ ကရင်အလံများကို စစ်တပ်မှ ဖြုတ်ယူသိမ်းဆည်း

အပစ်ရပ်ဂိတ်များမှ ကရင်အလံများကို စစ်တပ်မှ ဖြုတ်ယူသိမ်းဆည်း

1967
ဩဂုတ်လ ၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ အပစ်ရပ်ကရင်အဖွဲ့အစည်းများ၏ ဂိတ်‌နေရာများ၊ စခန်း‌နေရာများတွင် တပ်ဆင်‌ထောင်ထားသည့် ကရင်အမျိုးသားအလံများကို နအဖ စစ်အစိုးရတပ်များက ဖြုတ်ယူသိမ်းဆည်းရန် ယ‌နေ့ အမိန့်ထုတ်လိုက်သည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်တစ်ဦးက “ကရင်အလံ‌တွေကို ဖြုတ်ရမယ်လို့ ဒီ‌နေ့မနက် ၉း၃ဝမှာပဲ အမိန့်ထုတ်တယ်။ သိမ်းတာက ‌တော့ အခု မွန်းလွဲပိုင်း ၃နာရီ‌လောက်မှာ‌ပေါ့‌နော်။ ရှိသမျှ အလံ‌တွေကို အကုန်လိုက်ဖြုတ်ယူလိုက်တာ။”ဟု ‌ကေအိုင်စီကို အ တည်ပြု ‌ပြောဆိုသည်။

စစ်အစိုးရက နယ်ခြားပြဿနာ‌ဖြေရှင်းရန် ‌နေပြည်‌တော်မှ တိုက်ရိုက် တာဝန်‌ပေးထားသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၂)မှူး ဗိုလ်မှူးကြီးခင်‌မောင်‌ဌေးက အဆိုပါအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်း၏ ‌ပြောပြချက်များအရ သိ ရသည်။

ကရင်အလံများကို ဖြုတ်သိမ်းရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့အပြင် ‌ကော့ကရိတ်၊ ဖားအံမြို့များ၌လည်း လုပ်‌ဆောင်လျှက် ရှိ‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ကော့ကရိတ်မြို့ခံတစ်ဦးက ‌ပြောသည်။ “ဟုတ်တယ်။ ‌ကော့ကရိတ်မှာလည်း ဒီ‌ကေဘီ‌အေ၊ ငြိမ်းချမ်း‌ရေး‌နေရာ‌တွေက ကရင်အလံ‌တွေကို ဖြုတ်ခိုင်းထားတယ်။”ဟု ဆိုသည်။

(၉၉၉)ဂိတ်မှ ဒီ‌ကေဘီ‌အေတစ်ဦးက “ကိုယ့်ဂိတ်မှာ ရှိ‌နေတဲ့ ကရင်အလံကို လာဖြုတ်လိုက်တာကို မြင်ရတာ ကျ‌နော့်ရင်ထဲမှာ ဟိုး ဘိုးဘွားဘီဘင်က ရှိထားခဲ့တဲ့အရာတစ်ခုကို လာဆွဲနှုတ်လိုက်သလိုပဲ။”ဟု အသံတုန်ဖြင့် ‌ပြောသည်။

ကရင်အပစ်ရပ်အဖွဲ့များတွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)၊ ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ၊ ‌ဟောင်သ‌ရောအထူး‌ဒေသ၊ ဘုရားကုန်းငြိမ်းချမ်း‌ရေးအဖွဲ့၊ သံ‌တောင်အထူး‌ဒေသ စသည့်အဖွဲ့များ ပါဝင်သည်။

ယင်းသို့ ကရင်အလံများကို ဖြုတ်ခိုင်းခြင်းသည် နအဖ တပ်ဖက်ဆိုင်ရာ အရာရှိများ လာ‌ရောက်မည်ဖြစ်သည့်အတွက် အလံကို ယာယီချထားခိုင်းခြင်းသာဖြစ်သည်ဟုလည်း ငြိမ်းချမ်း‌ရေး‌ကောင်စီဂိတ်မှ အဖွဲ့ဝင်တစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“အလံကိုဖြုတ်ခိုင်းတာ မဟုတ်ဘူး။ လူကြီးလာမယ်ဆိုလို့ အလံကို ခဏချခိုင်းထားတာ။ ဒီ‌နေ့လည်ပဲ စအဖ အမည်နဲ့ ကိုယ်စား လှယ်‌တွေက ဂိတ်‌တွေကို လိုက်‌ပြော‌နေတာ။ တချို့ဂိတ်‌တွေ မချ‌သေးပါဘူး။ ကျ‌နော်တို့ ငြိမ်းချမ်း‌ရေး‌ကောင်စီဂိတ်ဖြစ်တဲ့ ‌ကျောက်ဖျာဂိတ်က‌တော့ လူကြီးလာကြည့်မယ်ဆိုလို့ အခု‌တော့ အလံချထားပါတယ်။”ဟု ဆိုသည်။

နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် ဗိုလ်မှူးကြီး‌စောလားပွယ်တပ်ဖွဲ့မှာ တပ်မှူးတစ်ဦးက “ဒါက‌တော့ သူတို့ကံကြမ္မာ သူတို့ ဖန်တီးမှာပဲ‌လေ။ ‌စောဘဦးကြီး‌ပြောသွားလိုပဲ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်‌လေ။ ကျ‌နော်တို့အ‌ခြေစိုက်တဲ့‌နေရာကို‌တော့ ကျ‌နော်တို့ရဲ့ အမျိုးသားအလံ‌တော်ကို အမြဲတမ်း စိုက်ထူသွားမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုလ ၃ရက်‌နေ့ကလည်း အပစ်ရပ်အဖွဲ့အစည်းများကို မြို့တွင်း ဝင်ထွက်သွားလာပါက ယူနီ‌ဖောင်းမဝတ်ရန်၊ လက်နက်များ ကိုင်‌ဆောင်မသွားရန်နှင့် မိမိတို့တပ်စခန်းအတွင်း၌သာ လက်နက်ကိုင်‌ဆောင်ရန် စစ်တပ်မှ ညွှန်ကြားထားမှုများ ရှိခဲ့သည်။

၎င်းအပြင် နယ်ခြား‌စောင့်တပ်ကို လက်ခံထားသည့် (၉၉၉)တပ်မဟာ တပ်ဖွဲ့ဝင်များကိုလည်း လာမည့် ၁၆ရက်‌နေ့တွင် မြဝတီ မြို့၌ တံဆိပ်တပ်ဆင်ကာ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ပေးသွားမည်ဖြစ်‌ကြောင်း မြဝတီမြို့ခံများအတွင်း ‌ပြောဆို‌နေကြ သည်။

ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာမှူး ဗိုလ်မှူး‌စောမုတ်သုန်ကလည်း ယခုလ ၂ရက်‌နေ့က နယ်ခြား‌စောင့်တပ်ကို လက်ခံခဲ့ပြီး မြဝတီရှိ ၎င်း၏ဗျူဟာရုံးတွင် နအဖ စစ်တပ်များက နယ်ခြား‌စောင့်တပ် လက်ခံသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ လာ‌ရောက် လက်မှတ်ထိုးရန် ‌နေရာယူကာ လုပ်‌ဆောင်‌ပေးလျှက်ရှိသည်ဟု သိရသည်။

ကိုယ်တိုင်မြင်‌တွေ့သူ အမျိုးသမီးတစ်ဦးက “ဗျူဟာရုံးလုပ်ထားတဲ့ ဗိုလ်မုတ်သုန်အိမ်မှာ စစ်သား‌တွေက ဝင်‌နေ‌နေတာ ၃ရက် ‌လောက်‌တော့ ရှိပြီ။ အခြား ဒီ‌ကေဘီ‌အေကား‌တွေကလည်း တစ်စီးပြီးတစ်စီး သူ့လူ‌တွေကို အပြည့်တင်လာပြီး တစ်‌ယောက် ချင်းလက်မှတ်ထိုးတာ‌တွေ လုပ်တယ်‌လေ။ ကာယကံရှင်(ဗိုလ်မုတ်သုန်)ကို‌တော့ သူ့ဂိတ်‌တွေမှာ ‌တွေ့တာပဲ။”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ကမ်းရိုးတန်းတိ်ုင်းမှူး ဒုဗိုလ်မှူးကြီးခင်‌ဇော်၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်နိုင် ဝင်းတို့ မြဝတီ၌ ‌ရောက်ရှိ‌နေပြီဖြစ်‌ကြောင်းလည်း အပစ်ရပ်အဖွဲ့အစည်းများနှင့် မြို့ခံများက ‌ပြောဆို‌နေကြသည်။

ထိုင်း-မြန်မာနယ်စပ်ကို စည်းခြားထားသည့် ‌သောင်ရင်းမြစ်၏ မြစ်ကမ်းနားကို ယခင်က စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၉)မှူး ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက တာဝန်ယူခဲ့‌သော်လည်း ပြီးခဲ့လကုန်ရက် ၃ဝရက်‌နေ့မှစ၍ စကခ(၁၂)မှူး ဗိုလ်မှူးကြီးခင်‌မောင်‌ဌေး ကို လွဲ‌ပြောင်းတာဝန် ‌ပေးအပ်လိုက်ပြီဖြစ်‌ကြောင်း နယ်စပ်သတင်းများအရ သိရသည်။