ဖေဖော်ဝါရီလ ၁၁ရက်။ ၂၀၁ဝခုနှစ်
ကတ္တီပါဆောင်းနှင်း လက်ကျန်ဖွဲဖွဲမှုံကြဲဖိတ်
ဇာပုဝါပါး လွှမ်းခြုံသိုင်းဖွဲ့တဲ့
နှင်းဆီရောင် ဆည်းဆာလေး
ကမ္ဘာမြေ ရုတ်တရက်ကွဲအက်ထ
ငါ့နှလုံးသွေးတို့ ထိုးရပ်လို့
မီးလျှံကြားက ပျံသန်းတဲ့ သံမဏိငှက်
မျိုးဖျက်လေပွေ မုန်တိုင်းဆင်တော့
ရာဇဝင် အပိုင်းပိုင်းပြတ်တောက်
ဖလံတောင်မြေ ချိန်ခါမဲ့
မိုးသီးပေါက်တွေ တဖျောက်ဖျောက် ကြွေကျခဲ့ရပေါ့…။
ဧရာဝတီရဲ့ငိုရှိုက်သံ
သံလွင်ရဲ့ရင်ထုသံ
ဒေါနတောင်တန်းကြီးရဲ့ ကြက်သေသေ
မျက်ဝန်းလဲ့တွေဟာ
ဘယ်တော့မှ ငြိမ်သက်ခြင်းကို ပေးနိုင်မှာ
မဟုတ်တော့ဘူး…။
မိစ္ဆာတွေရဲ့
အောင်သေအောင်သားစားသောက်တဲ့အသံ
ကမ္ဘာမြေအနှံ့ အဆိပ်ပျံ့လွှင့်လို့
ဖျားနေတဲ့ လူသားအဖို့ကတော့
မရဏမောင်းထုသံ တစ်ခုပါပဲ…။
တို့ရဲ့အနီးကပ် အစိမ်းချွေလက်ဟာ
ဘယ်သူလဲဟေ့။
တာလီဘန်တွေလား၊ တားရစ် (Terrist) တွေလား
ကိုဆိုဗို သဘောတူစာချုပ်လား
အရင်းစစ်တော့ အမြစ်မြေကတဲ့
ငါတို့ရဲ့ ခန္ဓာကိုယ်တွင်း
တွယ်ကပ်ဖို့ကြိုးစားနေတဲ့
တွယ်ကပ်ကပ်နေတဲ့
စစ်ဘီလူး အရူးရိုင်းရဲ့
ပုပ်အက်အက် လေချင်တက်
အော်ဂလီဆန်မှုတွေ
ဒါတွေကို
မင်းပြန်ပြီးရှူရှိုက်မိတဲ့တစ်နေ့
ဝတ်လစ်စလစ် လမ်းမထက်က
ရှင်သန်ခြင်းရဲ့
အရေပြားအတုကို ဆွဲဆုတ်ပစ်လိုက်ကြပါ
တို့အားလုံးရဲ့ ခန္ဓာကိုယ်တွင်း
အဆိပ်ပုပ်ကင်းကင်း
ရနံ့သင်းတဲ့
ဝင်လေထွက်လေ အက်ထမောစဖီးရားအသစ်မှာ
မျက်ရည်စတွေကို သုတ်ပြီး
လဲနေတဲ့ ညီငယ်ရဲ့ ကမ်းလက်ကို
အကိုတော်တွေ ဖမ်းဆုပ်လို့
အတ္တ၊ မာန၊ အာဃာတတွေ ဘေးချိတ်ပြီး
လင်းလက်မှုတွေနဲ့အတူ
ချိတ်ဆက်လက်မောင်း ကိုယ်စီထိရင်း
မိစ္ဆာတွေကို
ဝိုင်းပြီး မောင်းထုတ်ကြမယ် …။
မိုးမြင့်ထက်က လင်းလက်နေတဲ့
ကြယ်ပွင့်ဖြူရေ
လှပတဲ့ ဆည်းဆာ
အပြာရောင်ကောင်းကင်ထဲ
သင့်အတွက် ရောင်စုံပန်းခြင်းတွေဟာ
လေထဲမှာ အမြဲလွှင့်ထယ်နေမှာပါ
“ကြီးမြတ်သူတွေဟာ
အတိုဆုံးကာလမှာ
အကြာရှည်ဆုံး နေသွားကြတယ်တဲ့”
လာခြင်းကောင်းသော အရှင်
မြင့်မြတ်တဲ့ သူရဲကောင်းတွေရဲ့
ကောင်းသော ပြန်ခြင်းမျိုးနဲ့
အရှင့်ရဲ့ အလင်းတန်းကို
ကမ္ဘာသူ ကမ္ဘာသားတွေ
အမြဲအမှတ်ရနေကြမှာပါ။
(တောင်းထို့မိန်း)