Home သတင်း ၂၇၆ဝ ကရင်နှစ်သစ်ကူး‌နေ့ပွဲကို ဝင်း‌ရော်‌ဒေသတွင် တစ်ရွာချင်းစီအလိုက် ပြုလုပ်သွားမည်

၂၇၆ဝ ကရင်နှစ်သစ်ကူး‌နေ့ပွဲကို ဝင်း‌ရော်‌ဒေသတွင် တစ်ရွာချင်းစီအလိုက် ပြုလုပ်သွားမည်

3679

ဇန်နဝါရီ ၈ရက်၊ ၂၀၂၁ခုနှစ်။ ‌စောရှား

ကရင်တိုင်းရင်းသားများ၏ ၂၇၆ဝ နှစ်သစ်ကူး‌နေ့ အထိမ်းအမှတ် အခမ်းအနားများကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ် ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ ရွာ‌ပေါင်း ၁ဝရွာ‌ကျော်တွင် တစ်ရွာချင်းစီအလိုက် ကိုဗစ်-၁၉ ညွှန်ကြားချက်စည်းကမ်းများ နှင့်အညီ ပြာသိုလဆန်း (၁)ရက်ဖြစ်သည့် ဇန်နဝါရီလ ၁၃ရက်‌နေ့တွင် အသီးသီး ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ဝင်း‌ရော်‌ဒေသရှိ လှကဇိုင်း၊ ဒုံလီ၊ ခလယ်၊ စွံမွန်ထုန်း၊ ‌တောင်ဒီး(တွန့်တီး)၊ ကျုံခဝန်(ကလယ်ထဝန့်)၊ ထွိ‌မောင်ထို၊ လှာကဒါ၊ ခလယ်‌စော(ထလယ့်‌စော်)၊ နှစ်အိမ်(ယွာ‌သောင့်ထား) ရွာများနှင့် အချို့‌ကျေးရွာအုပ်စုများတွင် နှစ်သစ်ကူး အခမ်းအနားများကို ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ခလယ်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောဆန်းညွှန့်‌မောင်က ယခုလို ‌ပြောသည်။

“ခလယ်လည်းလုပ်မယ်၊ ‌တောင်ဒီးလည်းလုပ်မယ်၊ ကျုံခဝန်လည်း လုပ်မယ်။ ဒီရွာ‌တွေတစ်‌လျှောက် အကုန်လုပ်သွား မယ်။ အစိုးရထုတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်နဲ့အညီ လာတဲ့လူကို Mask တပ်ဖို့‌ပြောမယ်။ လက်သန့်‌ဆေး‌တွေ ချထား‌ပေးမယ်။”ဟု ခလယ်ရွာအုပ်ချုပ်‌ရေးမှူးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

စွံမွန်ထုန်း(တံခွန်တိုင်)ရွာ၊ နှစ်သစ်ကူးဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ‌မောင်‌စော်(မန်း)ဂျပုက “ကရင်အမျိုးသားတို့ရဲ့ ရိုးရာ၊ ဓ‌လေ့၊ ယဉ်‌ကျေးမှု၊ ‌နေ့ထူး‌နေ့မြတ်‌တွေ မ‌ပျောက်ပျက်ရ‌အောင် ထိန်းသိမ်း‌ဖော်ထုတ်တဲ့အ‌နေနဲ့ အစဉ်အလာ လည်း မပျက်ရ‌အောင် ပြုလုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ကရင်နှစ် ၂၇၅၉ခုနှစ်မှ ၂၇၆ဝခုနှစ်သို့ ကူး‌ပြောင်းသည့် ယခု ကရင်နှစ်သစ်ကူး‌နေ့တွင် ကရင်အမျိုးသား အလံတင် အခမ်းအနား ပြုလုပ်ခြင်း၊ ရိုးရာအရ စပါး‌စောင့်နတ် ဖီ့ဘူး‌ယော်ကို ပူ‌ဇော်ခြင်း၊ ချစ်ကြည်‌ရေး ‌ဘောလုံးကန်ခြင်းနှင့် ကရင်ရိုးရာ‌ခေါင်ရည်များ သုံး‌ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဟု ‌မောင်‌စော်ဂျပုက ဆက်‌ပြောသည်။

ထို့အပြင် လူစုလူ‌ဝေးဖြစ်ခြင်းကို ‌ရှောင်ရှားနိုင်ရန်အတွက် ဝင်း‌ရော်‌ဒေသလုံးဆိုင်ရာ နှစ်သစ်ကူး အခမ်းအနားကို အနည်းအကျဉ်းသာ ပြုလုပ်သွားမည်ဖြစ်‌သော‌ကြောင့် တစ်ရွာချင်းစီအလိုက် ပြုလုပ်လာရခြင်းဖြစ်‌ကြောင်း ၎င်းရွာများ အတွက် ကရင်နှစ်သစ်ကူးဖြစ်‌မြောက်‌ရေး တာဝန်ရှိသူများက ‌ပြောသည်။

ဒုံလီရွာအုပ်ချုပ်‌ရေးမှူး ‌စောစိန်လှမင်းကလည်း “တို့ရွာမှာလည်း နှစ်သစ်ကူး‌နေ့ကျရင် ကရင်အမျိုးသား အလံ‌တော်ကို အ‌လေးပြုမယ်။ နှစ်သစ်ကို ကြိုဆိုတဲ့အ‌နေနဲ့ ရွာဒုံးအဖွဲ့က အကနဲ့ ဂုဏ်ပြု ကပြမယ်‌ပေါ့။ ကိုယ့်ရွာနဲ့ကိုယ် အကျဉ်းချုံး လုပ်သွားဖို့ ရှိတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌ကျေးရွာအလိုက် နှစ်သစ်ကူးပွဲအပြင် နှစ်စဉ်ပြုလုပ်‌နေကျ ဝင်း‌ရော်‌ဒေသလုံးဆိုင်ရာ နှစ်သစ်ကူးအခမ်းအနား ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်ရုံး၌ ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

၂၇၆ဝ နှစ်သစ်ကူး‌နေ့အထိမ်းအမှတ် ကရင်စာ‌ပေပြိုင်ပွဲ (ကဗျာ၊ ‌ဆောင်းပါး၊ စာစီစာကုံး)များကိုလည်း ဇန်နဝါရီ ၈ရက် ‌နေ့က ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်‌ကြောင်း ဝင်း‌ရော်‌ဒေသ၊ ကရင်နှစ်သစ်ကူးဖြစ်‌မြောက်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ယောင့်သာအဲဆန်၏‌ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ကရင်အမျိုး သားနှစ်သစ်ကူး‌နေ့ကို ပြာသိုလဆန်း ၁ရက်‌နေ့တွင် ကျ‌ရောက်ခြင်းဖြစ်ပြီး ထို‌နေ့ကို အဂင်္လိပ်ကိုလိုနီ‌ခေတ် ၁၉၃၈ခုနှစ် မှစ၍ ကရင်လူမျိုးများ ‌နေထိုင်ကြသည့် ‌ဒေသများတွင် နှစ်စဉ် ကျင်းပပြုလုပ်‌လေ့ရှိကြသည်။