လက်ဖက်ရည်တစ်ခွက်ရဲ့ ဒိုင်ယာရီ
မသောက်ချင် အဆုံး
ဘာမှ မထူး ….
အစက ကျွဲစိမ်းကိုသောက်
နောက်တော့ အနီရောင် သစ်သီးစုံကို ပြောင်းသောက်
ဗိုက်အောင့်တာပဲ အဖတ်တင်
ကိုယ့်လက်ဖက်ရည် ကိုယ်မေ့နေတာ ကြာလှ။
ရာသီစာရဲ့ ဓာတ်ပြုမှုက
အာဟာရ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်
လက်ဖက်ရည်တစ်ခွက်ရဲ့ ဒိုင်ယာရီက
အဆုံးသတ်ဖို့ ခက်လိမ့်မယ်။
ဒီအချိန်မှာ
လက်ဖက်ရည် ကြိုက်သူတွေအတွက်
ကြိုက်တဲ့အရသာကို ရွေးသောက်တာ မှားလား
အကြိုက်ချင်းမှ မတူတဲ့ဟာကို ….
အရောင်အသွေး အရသာစုံတဲ့ကာလ
ဒေသရေနွေးကြမ်းလည်း လက်ဖက်ရည်ပဲ….
အထုပ်ဖျော်လည်း လက်ဖက်ရည်ပဲ….
လက်ဖျော်လည်း လက်ဖက်ရည်ပဲ….
သူ့အရပ် သူ့ဒေသ…..
အချိုရည်ချင်း တူပေမယ့်
လက်ဖက်ရည်နဲ့ အချိုရည်
အရသာက ဓာတ်မတည့်လောက်ဘူး
အနီရောင် သစ်သီးစုံကလည်း
ကျွဲစိမ်းနဲ့ ရောသောက်လို့ မရလောက်ဘူး…..
ဘာပဲဖြစ်ဖြစ်
ကရင်တစ်ယောက်အနေနဲ့
ကရင်ခေါင်ရည်ကို ကြိုက်တာ ဆန်းလား
ဒါလည်း အသည်းကြားက မဲပြားပဲလေ
ရေချိန် အနိမ့်အမြင့်ဆိုတာ
ပညာအရည်အချင်းကို မဆိုလိုဘူး
ဖြူစင်တဲ့ အတွေးအမြင်ကို ပြောတာ။
လက်ဖက်ရည်ခွက်ထဲမှာ
ကရင်ခေါင်ရည်ကို ထည့်လိုက်
အတွေးကိုယ်စီနဲ့ ….
စားမြုံ့ပြန် စီးမျောရင်း….
ကရင်အငွေ့အသက်နဲ့ အရိပ်အယောင်
ပိုတောင် ပေါ်မလားပဲ…..
ဒါ…. ကရင်လက်ဖက်ရည်တစ်ခွက်ရဲ့ အရသာလေ….
လက်ဖက်ရည်တစ်ခွက်ရဲ့ ဒိုင်ယာရီ
ဘဝကို သွေဖည်မသွားဖို့ အရေးကြီးတယ် ။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်