Home ဆောင်းပါး တမာပင်က သရက်သီး သီးနိုင်မှာတဲ့လား

တမာပင်က သရက်သီး သီးနိုင်မှာတဲ့လား

2904

(‌မောင်‌ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဩဂုတ်လ ၁ဝရက်)

ဘီဘီစီ၊ (မြန်မာပိုင်း) သတင်းတစ်ခုမှာ အ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး(CTU) နဲ့ပတ်သက်ပြီး ပြုပြင်‌ပြောင်းလဲဖို့ (OMI) ဆိုတဲ့ အဖွဲ့ အစည်းတစ်ခုက ‌တောင်းဆို‌ကြောင်း ကြားသိရပါတယ်။

ခုံရုံးအဖွဲ့ သက်တမ်း၊ ခုံရုံးဥက္ကဋ္ဌ အပါအဝင် ခုံရုံးအဖွဲ့ဝင်များ ခန့်အပ်မှု၊ သမ္မတ၊ လွှတ်‌တော်ဥက္ကဋ္ဌနဲ့ ခုံရုံးအဖွဲ့ဝင်များအကြား ဆက်ဆံ‌ရေး စတဲ့အ‌ကြောင်းအရာ‌တွေကို ‌ထောက်ပြပြီး အ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး (CTU)ကို ပြင်ဆင်ဖို့ ‌ပြောဆိုတာ ‌တွေ့ရပါ တယ်။

ဒီ‌နေရာမှာ လူအများ စိတ်ဝင်စားမှု နည်းပါးတဲ့ ဥပ‌ဒေအ‌ကြောင်းအချက်အလက်‌တွေကို ‌ခေတ္တထားပြီး ကျ‌နော်မြင်တဲ့ အမြင်တစ် ခုကို ကြားဖြတ်တင်ပြပါရ‌စေ။ တင်ပြခွင့်ပြုပါ။
ရိုးရှင်းလွယ်ကူရာက‌နေ စတင် စဉ်းစားကြည့်ကြပါစို့။
မူလ ‌ပေါက်‌ရောက်‌နေတာဟာ တမာပင်ကြီးဖြစ်ပါတယ်။
ကျ‌နော်တို့က ဒီတမာပင်ကြီးက‌နေ အဖက်ဖက်ကို ဖြာထွက်‌နေတဲ့ အကိုင်းအခက်‌တွေအနက် အကိုင်းတစ်ခုကိုကွက် ပြီး အဲဒီအကိုင်းက‌နေ အင်မတန်ချိုမြပြီး အရသာရှိတဲ့ သရက်သီး‌တွေ သီးလာ‌အောင် လုပ်ချင်လို့ ဖြစ်နိုင်ပါ့မလား။ အဲဒီ‌မေးခွန်း ကို ကျ‌နော်က ‌မေးမယ်ဆိုရင် ယခု စာဖတ်သူ‌နေသူ အပါအဝင် ဒီ‌မေးခွန်း အ‌မေးခံရတဲ့သူတိုင်းက ကျ‌နော့်ကို ဦး‌နှောက် ပုံမှန် ရှိ ‌သေးရဲ့လားလို့ စကားနဲ့ မတုန့်ပြန်ချင်ရင်‌တောင်မှ မျက်ခုံးတို့၊ ပခုံးတို့ တွန့်ပြပြီး တုန့်ပြန်ကြမှာ အမှန်ပါပဲ။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ကို မိမိသန်ရာသန်ရာ အပိုင်းအလိုက် ပြင်ဆင်‌ရေးကို ‌ပြော‌နေသူ‌တွေဟာ တမာပင်ကြီးက‌နေ အနံ့အရ သာနဲ့ အင်မတန် ပြည့်စုံတဲ့ သရက်သီး‌တွေ သီးလာ‌အောင် ကြိုးပမ်း‌နေကြတာမျိုးနဲ့ အလားသဏ္ဍာန်တူ‌နေပါတယ်။
တချို့က “ပုဒ်မ ၅၉ (စ)”ကို ပြင်ဖို့ ‌ပြောခဲ့ကြ၊ ကြိုးစားကြည့်ခဲ့ကြဖူးပြီ။
တချို့ကဆိုရင် “ပုဒ်မ ၄၃၆” ပြင်ဆင်ဖို့ အားတက်သ‌ရော ကြိုးပမ်းခဲ့ကြတာမှာ ဆန္ဒမဲလက်မှတ်‌ပေါင်း (၅သန်းနီးပါး) ရရှိခဲ့ပါတယ်။
တချို့က “ဇယား၂” (၂၀၀၈အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၁၈၈ကို ရည်ညွန်း) တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ဥပ‌ဒေပြု စာရင်းကို တိုးချဲ့‌ပေးတဲ့ပြင်ဆင်နည်းကို အာရုံကျ‌နေကြတယ်။

ဒီအချက်ကို ပြင်ဆင်‌ပေးလိုက်ရင်ပဲ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ဟာ ‌နေ့ချင်းညချင်း “ဖက်ဒရယ်ပြည်‌ထောင်စု” အ‌ကောင်အထည် ‌ပေါ်လာ‌တော့မ‌ယောင်‌ယောင် ညာဝါး ‌ပြောဆိုတတ်ကြပါ‌သေးတယ်။
အခု‌နောက်ဆုံး ‌ပေါ်‌ပေါက်လာတာက‌တော့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာခုံရုံး(CTU) ပြင်ဆင်‌ရေးကို ‌ပြောလာ‌နေတာပါ။

အဲဒီလို “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို တစ်ပိုင်းစီ၊ တစ်စစီ ပြင်ဆင်‌ရေး‌တွေ အားလုံးဟာ တမာပင်ကြီးက‌နေ သရက်သီး သီးဖို့ ပုံစံ တမျိုးမျိုးနဲ့ ကြိုးစားကြတာ‌တွေချည်းသာဖြစ်ပါတယ်။ အားနာနာနဲ့ ပွင့်ပွင့်လင်းလင်း ‌ပြောရရင် သူတို့တ‌တွေ ရနိုင်မှာက‌တော့ အ‌တွေ့အကြုံနဲ့ သင်ခန်းစာကလွဲလို့ တခြားဘာမှ ရရှိစရာအ‌ကြောင်း မမြင်မိပါဘူး။

ဒီ‌နေရာမှာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” နဲ့ပတ်သက်ပြီး အဓိကကျတဲ့ အချက် ၂ခုကို ‌ဆွေး‌နွေးတင်ပြပါမယ်။
ပထမအချက်က ဘယ်လိုပြင်ဆင်‌ရေးပဲဖြစ်ဖြစ် စစ်တပ်က သ‌ဘောမတူဘဲ ဘာမှ ပြင်ဆင်‌ပြောင်းလဲလို့မရနိုင်ဘူး ဆိုတဲ့အချက်။
ဒုတိယအချက်က “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ရဲ့ အနှစ်သာရဟာ စစ်တပ် (စစ်အုပ်စု)က အလုံးစုံ ချုပ်ကိုင်ထိန်းသိမ်းထားတယ် ဆိုတဲ့ အချက်တို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် စစ်တပ် (စစ်အုပ်စု)က “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” တစ်လုံးတစ်ပါဒမျှ မပြင်‌တော့ဘူး လား။ မဟုတ်ပါ။ သူတို့ အလုံးစုံချုပ်ကိုင်ထားတဲ့ အနှစ်သာရကို ပိုမိုတိကျ‌အောင်၊ ခိုင်လုံ‌အောင် တိုးချဲ့တာမျိုး‌တွေ ဒါမှမဟုတ် လက်ရှိပြဋ္ဌာန်းချက်‌တွေက သူတို့အကျိုးစီးပွားကို ပီပီပြင်ပြင် ထိန်းသိမ်းကာကွယ်နိုင်တဲ့ အ‌နေအထား အားနည်း ယိုယွင်း‌နေတာ ‌တွေကို‌တော့ သူတို့မုချပဲ ပြင်ဆင်မှာ၊ ကျားကန်မှာဖြစ်ပါတယ်။

ဒါ‌ပေမယ့် စစ်တပ်(စစ်အုပ်စု)က အလုံးစုံချုပ်ကိုင်ထိန်းသိမ်းထားတဲ့ အနှစ်သာရကို ထိပါး‌စေမယ့် ပြင်ဆင်မှုမျိုးကို သူတို့ ဘယ် လိုမှ ခွင့်မပြုပါဘူး။ “ ပြင်ဆင်မှု” ရဲ့ အဆုံးအဖြတ်အာဏာဟာ စစ်တပ်(စစ်အုပ်စု) လက်ထဲမှာပဲ ရှိ‌နေတာပါ။ တခြားဘယ်မှာမှ မရှိပါဘူး။ ပြည်သူ့ဆန္ဒရှိရုံနဲ့ မရဘူး။ စစ်တပ်(စစ်အုပ်စု) သ‌ဘောတူမှသာ ဘာကိုမဆို ပြင်ဆင်နိုင်မှာဆိုတဲ့အချက်ဟာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေရဲ့ အနှစ်သာရ သို့မဟုတ် အသက်ဝိဉာဉ် ဖြစ်ပါတယ်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး”ကို အစိုးရရဲ့ အဓိက‌ပေါ်လစီတစ်ရပ်အဖြစ် ကိုင်စွဲထားတဲ့ လက်ရှိ ဒီချုပ်ပါတီအစိုးရ အစီအ စဉ်ထဲမှာ‌တောင် “အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး”ဟာ ဟိုး ‌နောက်ဆုံးမှာ ပို့ထားတာပါ။

အမျိုးသားပြန်လည်သင့်မြတ်‌ရေးနဲ့ တရားဥပ‌ဒေစိုးမိုး‌ရေးကို သူတို့ ‌ရှေ့တန်းတင်ထားတာ‌တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ကသာ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကို ‌နောက်တန်းပို့ထား‌ပေမယ့် သူတို့ ကိုင်တွယ်လိုက်တဲ့ ကိစ္စတိုင်းဟာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို မကိုင်တွယ်ဘဲ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ အ‌နေအထားဆီကို ဒုတ်ဒုတ်ထိ ဆိုက်‌ရောက်သွား‌စေတာက‌တော့ ပကတိဖြစ်ရပ်မှန် ပါပဲ။

ဥပမာအားဖြင့် ပြည်တွင်းစစ်ရပ်စဲ‌ရေး ငြိမ်းချမ်း‌ရေးကိစ္စကိုကြည့်မလား။ ဒီအတိုင်း ‌တွေ့ရမှာ ဖြစ်ပါတယ်။ “၂၁ရာစုပင်လုံ” (ဒုတိ ယအ‌ကျော့) ‌ဆွေး‌နွေးပွဲမှာ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်ခွင့်ကိစ္စ”လည်း‌ရောက်‌ရော အစည်းအ‌ဝေးကို ရပ်ဆိုင်းပြီး ‌နောက်တစ် ‌ကျော့ “၂၁ရာစုပင်လုံ” (တတိယအ‌ကျော့)ထိ ‌ရွှေ့ယူလိုက်ရတာပဲ မဟုတ်ပါလား။

ခွဲမထွက်ဘူးလို့ အာမခံမှ၊ ကတိပြုမှ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ‌ပေးမယ်ဆိုတဲ့ ဒီချုပ်ပါတီအစိုးရနဲ့ စစ်တပ်ရဲ့ (Package deal) အဆို ဟာ (အ‌ပေးအယူ)ပွဲဦးထွက် ငြင်းပယ်တာ ခံလိုက်ရတယ် မဟုတ်ပါလား။

ဒီ‌တော့ ပြဿနာတိုင်းရဲ့ ဦးတည်ချက်က “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဆိုတဲ့ ဘူတာကို ဆိုက်‌ရောက်သွားတာချည်းပဲ။ ဒါ့အပြင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို အလုံးစုံ ချုပ်ကိုင်ထားတာဟာ စစ်တပ်( စစ်အုပ်စု) ဖြစ်‌နေတာမို့ အဓိက ‌ဖြေရှင်းကိုင်တွယ်ရမယ့်ကိစ္စ ဟာ စစ်တပ်(စစ်အုပ်စု)ပဲ ဖြစ်‌နေပြန်ပါတယ်။ စစ်တပ် (စစ်အုပ်စု)ကလည်း သူတို့ကို နည်းနည်းမှ အထိမခံပါဘူး။ ထိပါးမိသူ မှန်သမျှလည်း “‌တောင်းပန်”‌နေကြရတယ် မဟုတ်ပါလား။

အခု ဘီဘီစီသတင်းထဲမှာ ကြားရသလို သု‌တေသနအဖွဲ့တစ်ခုက (CTU)ပြင်ဆင်ဖို့‌တောင်းဆိုတာဟာလည်း လက်ဖက်ရည် ပန်း ကန်လုံးထဲ မုန်တိုင်းထန်တာမျိုးပါ။ ဒါ့အပြင် ၂၀၁၂ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ “ပြည်‌ထောင်စုအဆင့် အဖွဲ့အစည်း ဟုတ်/မ ဟုတ်ကိစ္စ”မှာ အဆုံးအဖြတ်‌ပေးခဲ့ကြတဲ့ ဦးသိန်းစိုးအမှူးပြုတဲ့ အ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးတဖွဲ့လုံး နုတ်ထွက်‌ပေးလိုက်ရတဲ့ သနားစဖွယ် ကံကြမ္မာကို မှတ်မိ‌နေကြအုံးမှာပါ။ ဒီဖြစ်ရပ်က‌နေ သင်ခန်းစာယူကြရမှာပါ။ တကယ်‌တော့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ဆိုင်ရာ ခုံရုံးဆိုင်ရာ သီအိုရီ‌တွေ သ‌ဘောတရား‌တွေကိုင်စွဲပြီး အဆုံးအဖြတ်ပြုခဲ့သူ‌တွေဘက်က (ဗိုလ်‌ရွှေမန်းလွှတ်‌တော်ကို) အရှုံး‌ပေးလိုက်ရတာ ဖြစ်ပါတယ်။

သူတို့ကိုယ်တိုင် စိတ်ကြိုက်‌ရေးဆွဲပြီး ပြဋ္ဌာန်းထားတဲ့“၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို သူတို့ကိုယ်တိုင် ချိုး‌ဖောက်ပြတဲ့ အထင်ရှားဆုံး အပြုအမူလည်း ဖြစ်ပါတယ်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၃၂၄ ၊ နိုင်ငံ‌တော်ဖွဲ့စည်းပံ ုအ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည် (final and conclusive) ဖြစ်သည်” ဆိုတဲ့အချက်ကို လွှတ်‌တော်က လက်မခံ၊ ချိုး‌ဖောက်၊ ပယ်ချတဲ့အပြင် ခုံရုံးတစ်ဖွဲ့လုံးအား နုတ်ထွက်‌စေခဲ့တဲ့ အထင်ရှားဆုံး အနိုင်ကျင့်မှုကြီးလည်း ဖြစ်ပါတယ်။

လွှတ်‌တော်ထဲက ဒီကိစ္စကို အဆုံးအဖြတ်ပြုရာမှာ ထိုစဉ်က (၂၀၁၂ခုနှစ်) ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြီး လွှတ် ‌တော်ထဲ ဝင်‌ရောက်သွားကြတဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် ဒီချုပ်လွှတ်‌တော်ကို်ယ်စားလှယ်များဟာ ဒီက‌မောက်ကမမှု ကြီးမှာ (ဗိုလ်‌ရွှေမန်းတို့ဘက်က) မဲ‌ပေးခဲ့ကြတယ်ဆိုတဲ့အချက်ကိုလည်း မ‌မေ့မ‌လျော့ဘဲ သတိရ‌နေကြရမှာဖြစ်ပါတယ်။

တိုတိုပဲ နိဂုံးချုပ်ပါ့မယ်။
အကယ်၍ ဤတမာပင်ကြီး (၂၀၀၈အ‌ခြေခံဥပ‌ဒေ)ရဲ့ အကိုင်းအခက်‌တွေကို တစ်ကိုင်းစီ၊ တစ်ပိုင်းစီ ပြင်ဆင်နိုင်ခြင်း‌ကြောင့် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့သရက်သီး‌တွေ (စစ်မှန်တဲ့ ပါတီစုံဒီမိုက‌ရေစီစနစ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု၊ စစ်မှန်တဲ့ ပြည် တွင်းငြိမ်းချမ်း‌ရေး) အမှန်တကယ်ပဲ သီးပွင့်လာ‌အောင် စွမ်း‌ဆောင်နိုင်ခဲ့ကြပြီဆိုရင်ဖြင့် ကျ‌နော် ယူဆထင်မြင်ခဲ့သမျှ မှားယွင်းပါ ‌ကြောင်း မဆိုင်းမတွ ဝန်ချ‌တောင်းပန်ပါ့မယ်။