လက်ရှိ နိုင်ငံပြုပြင်ပြောင်းလဲမှုအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် မတ်လ ၈ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်ခဲ့ကြသော ကရင်အမျိုးသမီးအချို့၏ အမြင်သဘော ထားများကို ကေအိုင်စီက စုစည်းတင်ပြထားသည်။
နန်းစေအွာ(ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ အမျိုးသမီး တာဝန်ခံ)
နိုင်ငံတစ်နိုင်ငံထဲမှာကြည့်ရင် အမျိုးသမီးဦးရေက များတယ်။ ကျမတို့နိုင်ငံက အမျိုးသမီးအများစုဟာ အိမ်မှုကိစ္စ ထမင်းချက်၊ အဝတ်လျှော်၊ သားသမီးတွေကိုကြည့်ရတဲ့အလုပ်ပဲ လုပ်နေကြတယ်။ အဲဒါက အမျိုးသမီးအလုပ်တွေပဲ ဖြစ်တယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။၂၀၁ဝခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတင်မက ဘယ်နေရာပဲဖြစ်ဖြစ် အမျိုးသားနဲ့တန်းတူ လုပ်ကိုင်နိုင်ပြီးဆိုတာ ကျမတို့ အားလုံး ကိုယ့်ကို သိရမယ်။ ကျမတို့ အမျိုးသမီးတွေ လုပ်သင့်တာကို လုပ်ရဲရမယ်။ ပြောရဲရမယ်။
အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးမဟုတ်တဲ့ တိုက်ပွဲ ပဋိပက္ခထဲမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းလာဖို့ဆိုရင် ခိုင်မြဲဖို့အတွက် အမျိုးသမီးတွေ လုပ်ပေးမှရမယ်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားရေးထဲမှာ အမျိုးသမီးကလည်း အမျိုးသားနဲ့ နည်းတူ ၃ဝရာခိုင်နှုန်းတော့ လိုအပ်တယ်။ ကျမတို့ အမျိုးသမီးတွေ ကြောက်ရတဲ့ခေတ်ကုန်ပြီးဆိုတာ သိရမယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ စာတမ်းတစ်ခုတော့ တွေ့လိုက်တယ် “ပြောင်းလဲဖို့ ရဲရင့်စို့” ဆိုတာတွေ့ရတယ်။ မှန်ပါတယ်။ ကျမတို့အမျိုးသမီးတွေက ပြောင်းလဲဖို့သင့်ပါပြီး။ ကျမတို့ အမျိုးသမီး အများစုကို တွေ့ရတာက အရှေ့ထွက်မယ်ဆိုရင် မသွားရဲကြဘူး။ စုပြီးခေါ်ရင် မလာရဲကြဘူး။ အဲဒီလိုမနေရဘူး။ အမျိုးသား တစ်ခုလုပ်နိုင်ရင် အမျိုးသမီးလည်း တစ်ခုလုပ်နိုင်ရမယ်။ စစ်မြေပြင်မှာဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် အမျိုးသမီး အများစုရှိနေပြီး ဒုက္ခရောက်တာလည်း အများဆုံးဖြစ်တယ်။ အဲဒီအတွက် အမျိုးသမီးအရေး လုပ်ပေးနိုင်ဖို့ အခုချိန် မှာ အမျိုးသားတွေထက် နိုင်ငံရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ် အဲဒီနေရာတွေမှာ များများပါဝင်ဖို့ အရေးကြီးတယ်။
…………………………………………………………………………………………………………………………………………
နော်သက်သက်ထွန်း (KWEG) ဒါရိုက်တာ
မတ်လ ၈ရက်နေ့ဟာ ကျမတို့မြန်မာနိုင်ငံ အမျိုးသမီးတွေအတွက် အရမ်းအရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် ကျမတို့နိုင်ငံမှာ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု လွှမ်းမိုးခံရခြင်းရသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း၊ အရမ်းကို ဖိနှိပ်ခံရပါတယ်။ နောက်ဆုတ်နေခဲ့ရတဲ့ အချိန်ကာလတွေ အများကြီး ရှိခဲ့ပါ တယ်။ ဒီအချိန်ဟာ အရှေ့ကိုတိုးဖို့အချိန် သင့်ပါပြီး။ တန်းတူညီမျှမှုဆိုတဲ့ အရာကိုလည်း တွေးခေါ်သင့်ပါပြီး။ မြန်မာ နိုင်ငံပြောင်းလဲဖို့ဆိုရင် အမျိုးသမီးတွေဟာ ပါဝင်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ နိုင်ငံတော်အဆင့်မှာလည်း အမျိုး သမီးတွေ ၃ဝရာခိုင်နှုန်းပါဝင်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ မဖြစ်လာသေးဘူး။ အမျိုးသမီးတွေဟာ မိခင်ဖြစ်တယ်။ ညီမဖြစ်တယ်။ အစ်မဖြစ်တယ်။ အမျိုးမျိုး အဲဒါကို သူတို့တွေဟာ ခံစားချက်ပေါင်းစုံ ဖြစ်တယ်။ သူတို့ အသံ၊ သူတို့ ခံစားချက်၊ သူတို့စာနာစိတ်တွေဟာ နိုင်ငံတော်အဆင့်ကိုရောက်ဖို့လိုတယ်။ နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် အထောက် အကူ အများကြီးဖြစ်တယ်။ ပံ့ပိုးပေးနိုင်တယ်။
အစိုးရဌာနတွေမှာရော ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့နေရာတွေမှာရော၊ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဆုံး ဖြတ်ချက်ချတဲ့နေရာတွေမှာတော့ အမျိုးသမီးပါဝင်မှု နည်းနေပါသေးတယ်။ ဒါကို ကျမတို့က အမျိုးသမီး စွမ်းအားမြှင့် တင်ရေးတွေ သူတို့ရဲ့ပညာရေးနဲ့ လုပ်ဆောင်နိုင်မှုတွေကို အများကြီးစွမ်းဆောင် ကူညီပေးနိုင်ရင် နို်င်ငံတော်အဆင့် ထိ ပံ့ပိုးကူညီနိုင်ရင်တော့ ကျမတို့ အရောက်လှမ်းနိုင်မှာ ဖြစ်တယ်။ ကျေးလက်ဒေသအချို့မှာ သတ်မှတ်ချက်တွေ ကြောင့် ကျမတို့အများကြီး မတွန်းလှန်နိုင်သေးဘူး။ ဒါပေမဲ့ ဆက်ပြီး ကြိုးစားမှာပါ။ တန်းတူညီတူရှိမှုကို ကျမတို့ အရောက်လှမ်းမှာပါ။ နောက်ဆုံးအနေနဲ့ ကုလသမဂ္ဂ သတ်မှတ်ချက်ဖြစ်တဲ့ “ပြောင်းလဲဖို့ ရဲရင့်ရမယ့်”အချိန်ရောက် ပါပြီးလို့ ပြောချင်ပါတယ်။
………………………………………………………………………………………………….
နော်သာမူ (ကြာအင်းဆိပ်ကြီးမြို့နယ်၊ သဝေါဖိုး၊ ဆယ်အိမ်စုကျေးရွာ)
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဦးဆုံးအကြိမ် ဖားအံမှာ တက်ရောက်ခဲ့တယ်။ အခမ်း အနားမှာ အမျိုးသမီးအတွက် တန်းတူညီမျှခွင့်တွေရှိတာ သိလာရတယ်။ အခုအချိန်နဲ့ အရင်ကအချိန် ပြန်နှှိုင်းယှဉ် ကြည့်ရင် အရင်က ကျမတို့ကို သူများတွေက နှိမ့်ချတယ်။ အခွင့်အရေးမရဘူး။ လွတ်လွတ်လပ်လပ် မသွားရဘူး။ အခုချိန်မှာဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျမတို့ သွားလာခွင့်ရပြီး။ ဒီထက် အခွင့်အရေးရဖို့ ကျမတို့ တတ်နိုင်တဲ့ဘက် က ကြိုးစားမယ်။
အရင်က ကျမတို့ရွာမှာ စစ်တပ်ဝင်လာပြီးဆိုရင် အမျိုးသားတွေက ပြေးကုန်တယ်။ အိမ်မှာ သားသမီးတွေနဲ့ အမျိုး သမီးတွေပဲ ကျန်တယ်။ စစ်တပ်က အမျိုးသားတွေကို မတွေ့တော့ ကျန်တဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်တယ်။ နာအောင် ပြောတယ်။ ကျမတို့က သူတို့စိတ်ချမ်းသာဖို့ ကျေနပ်ဖို့ကို သူတို့စားချင်တဲ့ဟာ ပြုစုချက်ကျွေးတာတွေ လုပ်ပေးရတယ်။ အဲဒီအချိန်တုန်းက သူတို့က အမျိုးသမီးတွေကို တန်ဖိုးမထား၊ လက်တွေကို ကိုင်ချင်တိုင်းကိုင်ကြ တယ်။ အမျိုးသားပြေးတော့ အမျိုးသမီးတွေ ပေါ်တာထမ်းရတယ်။ အခုတော့ ကျမတို့ အခွင့်အရေး ရှိတယ်။ ဖိနှိပ်ခံ ပြီး နေစရာမလိုတော့အောင် ကျမတို့ ကြိုးစားရမယ်။
အပြည်ပြည်ဆိုင်ရာအခွင့်အရေးနေ့မှာ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ဟောပြောတာကိုကြားရလို့ ့ ဒီနေ့ကစပြီး မကြောက်တော့ဘူး ပြောချင်တယ်။ ကျမကတော့ အများကြီး မသိဘူးဆိုတော့ ဘယ်နေရာပဲဖြစ်ဖြစ် အမျိုးသမီးပဲ ဦးဆောင်ရမယ်၊ အမျိုးသားပဲ ဦးဆောင်ရမယ် ဆိုတာကို မပြောချင်ပါဘူး။ ဒါပေမဲ့ ကျမတို့ အမျိုးသမီးတွေကို အသိ အမှတ်ပြု တန်းတူပါဝင်ဆုံးဖြတ်ခွင့်ရရင် ကျေနပ်ပြီး။
……………………………………………………………………………………………………………………………
နော်ထူးထူး (ဒါရိုက်တာ – Karen Human Rights Group)
ကျမတို့နိုင်ငံ ပြောင်းလဲဖို့၊ ငြိမ်းချမ်းဖို့ဆိုရင် ကျမတို့အမျိုးသမီး အရေအတွက် ၃ဝ ရာခိုင်နှုန်း ပါဝင်စေချင်ပါတယ်။ အခုချိန်မှာ လက်တွေ့ဖြစ်မလာသေးဘူး။ မရှိသေးဘူး။ ကျမတို့တွေ အခုကြိုးစားနေတုန်းပဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေပါဝင်ရင် ငြိမ်းချမ်းရေးက ခိုင်မြဲမယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီးတွေက သူတို့အမြင် သူတို့ အတွေ့အကြုံတွေကို ချန်ထားလို့မရဘူး။ တိုက်ပွဲထဲမှာဆိုရင်လည်း အမျိုးသမီးတွေ ပါတယ်။ သူတို့လုပ် ဆောင်ချက်တွေကို ကျမတို့ အသိမှတ်ပြုရမယ်။ သူတို့တွေမှာလည်း အတွေ့အကြုံရှိတော့ ဆွေးနွေးတဲ့နေရာမှာ ညှိနှှိုင်းတဲ့နေရာတွေမှာရောက်ဖို့ ဆွဲခေါ်ဖို့ အရေးကြီးတယ်လို့ ကျမ မြင်တယ်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးနေ့နဲ့ ပတ်သက်ပြီး တိတိကျကျ သတ်မှတ်ထားတာ ကို မတွေ့ရသေးဘူး။ ဒါပေမဲ့ မြို့ထဲမှာဆိုရင် ကြိုးစားပြီးလုပ်တော့ အနည်းငယ် သိလာကြတယ်။ ကျေးလက်တိုင်း ရင်းသားဒေသတွေမှာဆိုရင် အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကိုယ်တိုင် မသိသေးဘူး။ ကျမ တို့ လေ့လာပြုစုထားချက်တွေမှာဆိုရင် အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး အသိအမှတ် မပြုတာတွေ အများကြီး ရှိသေးတာကို တွေ့နေရသေးတယ်။
ကျမပြောချင်တာတစ်ခုက မြန်မာနိုင်ငံ အစိုးရဟာဆိုရင် CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ မှုပပျောက်ရေး နိုင်ငံတကာစာချုပ်) လက်မှတ်လည်း ထိုးထားတယ်။ အခု လက်ရှိအချိန်ထိ စာချုပ်အရ အပြည့်အဝ ဘာမှ လုပ်ပေးနိုင်တာ မရှိသေးဘူး။ ပညာရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ် ကျမတို့ တိုင်းရင်းသားတွေမှာ အပြည့် အဝ လုပ်ပိုင်ခွင့် ခံစားခွင့်မရသေးဘူး။ အဲဒါကို ကောင်းကောင်းမွန်မွန်သွားနိုင်ဖို့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးတွဲဆောင်ရွက်မှ ပန်းတိုင်အရောက်လှမ်းနိုင်မယ်လို့ ကျမ မြင်ပါတယ်။