အောက်တိုဘာ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ဦးသည် အောက်တိုဘာလ ၂၆ရက်နေ့က မြဝတီမြို့၊ အမှတ် ၄ရပ်ကွက် ကျောက်လုံးကြီးရှိ ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ ပြန်လည်ရောက်ရှိလာသည်။
ယင်းသို့ပြန်လည်ရောက်ရှိချိန်တွင် ၎င်းဒုက္ခသည်များ နေရပ်ပြန်လာရေး အစီအစဉ်တစ်ခုလုံးကို ဦးဆောင်ညွှန်ကြားနေသူ ကရင် ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ကေအိုင်စီ၏ တွေ့ဆုံမေးမြန်းချက်ကို အခုလို ပြောဆိုခဲ့ သည်။
ဒုက္ခသည် ပြန်လည်ချထားရေးအစီအစဉ် ဖြစ်ပေါ်လာပုံ
ဒါကလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ထိုင်းနိုင်ငံခရီးစဉ် သွားတုန်းကလေ။ အဲကနေ စတာပဲ ပြောရမှာပေါ့။ ပြည်ထောင်စု အဆင့်ကနေပြီးတော့ ပြည်နယ်ကို ပြောတယ်လေ။ ဒုက္ခသည်စခန်းက တစ်ချို့ ပြန်လာဖို့ ရှိတယ်။ ဒါတွေကို ကြိုဆိုလက်ခံဖို့၊ နေရာချထားဖို့၊ စီမံဖို့ ပြောတယ်။ ပြောတော့ စီမံတဲ့အခါကျရင် ပြည်ထောင်စုရယ်၊ ပြည်နယ်ရယ်၊ တာဝန်ရှိတဲ့သူတွေ ကော်မတီ ဖွဲ့မယ်။ ပြီးတော့ ပြန်လာတဲ့ ဦးရေကတော့ ပထမ ပြောတာက ၂၀ဝ ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီစခန်းတွေကို ထိုင်းအစိုးရနဲ့ ညှိ ပြီးတော့ စစ်ဆေးပြီးတော့ စိစစ်ပေးမယ်။ မေးမြန်းပေးမယ်။ မေးမြန်းပေးတာက ပြန်လာတာ ဘယ်နေရာကို ပြန်ပို့ပေးရမလဲ။ ပြန်ချင်တဲ့နေရာ အိမ်တိုင်ရာရောက်ကို ပို့ပေးရဖို့ တို့က တာဝန်ရှိတာကိုး။ လက်ခံတာကတော့ တို့ လက်ခံတယ်လေ။
အားလုံးသိတဲ့အတိုင်းပဲ ပြောင်းလဲသွားတဲ့ နိုင်ငံရေးမူဝါဒအရ ကနေ့ ငြိမ်းချမ်းရေးတွေ လုပ်ကြတယ်။ အေးချမ်းသာယာတာလည်း ရှိတယ်။ ပဋိပက္ခ ဖြေလျှော့သွားတာလည်း ရှိတယ်။ ဒါကြောင့် ပြန်လာတယ်ဆိုရင် နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ဒါတွေအစ စီစဉ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပြန်လာမယ့်သူ အရင် ကနဦး သွားပြီးစစ်ဆေးရတာပေါ့။ ဒါကို ကော်မတီဖွဲ့ပြီးတော့ ဒီအဖွဲ့ ထိုင်းအစိုးရနဲ့ သွားပြီးတော့ စစ်ဆေးတယ်။ ပြန်တင်ပြတယ်။ ပြန်တင်ပြတဲ့အခြေအနေပေါ် မူတည် ပြီးတော့ အဆင့်ဆင့်ကော်မတီတွေက လုပ်ငန်းတွေ ဆောင်ရွက်တယ်။
ကနေ့ ၂၆ရက်နေ့ကတော့ ထိုင်းနိုင်ငံဘက်ကလည်း သူတို့ အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နေ့မှာ ကနဦးပေါ့နော်။ ပြန်ပြီး တော့ စလာတဲ့သူတွေကို ကြိုဆိုလက်ခံတဲ့ အနေအထားမျိုးဖြစ်သွားတာပေါ့။ မူလကတော့ ပြောတဲ့ဦးရေနဲ့ အခု ပြန်လာတဲ့ ဦးရေကတော့ ကွာခြားသွားတာ ရှိတာပေါ့။ ဒါကတော့ လူပုဂ္ဂိုလ်ရဲ့ ယုံကြည်မှုပဲပေါ့နော်။ ပြန်လာရင်တော့ လက်တွေ့အခု မြင် တွေ့ရတဲ့အတိုင်းပဲ တို့ကတော့ ကနဦး ယာယီအတွက်ကို လိုလေသေးမရှိတော့ ပြင်ဆင်ပေးထားတာပေါ့နော်။ ပြီးရင် စိစစ်ပေး ပြီးတဲ့အခါကျရင် သူတို့နေထိုင်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ကအစ စီစဉ်ပေးမယ်။ နောက်ပိုင်းကျရင်လည်း ပြန်လာတဲ့သူတွေ ဒီမှာ ပြန်လည်ဝင်ဆံ့ရေးနဲ့ သဟဇာတဖြစ်ရေးဆိုတဲ့ အခြေအနေရှိတယ်လေ။ ဒါက ဒီမှာ လုပ်ကိုင်စားသောက်ဖို့ အသက်မွေး အတတ်ပညာတွေ၊ ဒါတွေလည်း ရှိမယ်။ တို့စီမံရမှာပေါ့။ အလုပ်အကိုင်၊ အခွင့်အလမ်းတွေလည်း ဖန်တီးပေးရမှာပေါ့နော်။ စိုက် ပျိုးရေးလား၊ မွေးမြူရေးလား၊ လက်မှုလုပ်ငန်းလား၊ ပြည်နယ်မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေအားလုံး လိုက်လာပြီးတော့ ဒါတွေ မေး မြန်းပြီးတော့ ကြိုတင်ပြင်ဆင်ပေးမှာပေါ့။
ပြန်လာတဲ့ဒုက္ခသည်တွေကို ဘယ်မှာ ပြန်ထားမလဲ။
ပြန်လာတဲ့လူတွေရဲ့ဆန္ဒသဘောထားအပေါ်မှာပဲ မူတည်တယ်။ ဘယ်မှာနေချင်တယ်။ နိုင်ငံသားဖြစ်တဲ့အတွက် တစ်ချို့က ကိုယ့်ရပ်ကိုယ့်မြေမှာ ပြန်နေမယ်ဆိုရင် တို့ ပြန်ပို့ပေးမယ်လေ။ ဆက်သွယ်ပြီးတော့ ပြန်ပို့ပေးမှာပေါ့။ သွားစရိတ်၊ လာစရိတ်က အစ ထောက်ပံ့ပေးမှာပေါ့နော်။ ဘယ်မှာနေနေ၊ ပြဿနာမရှိပါဘူး။ အရေးကြီးတာ ကိုယ့်နိုင်ငံသားဖြစ်ဖို့ အရေးကြီးပါတယ်။
နယ်စပ်ရှိ ဒုက္ခသည်များကို ဘာပြောချင်လဲ။
ယုံကြည်မှုပေါ့နော်။ ယုံကြည်ရင်တော့ ဘာမဆိုဖြစ်ပါတယ်။ ယုံကြည်မှုအတွက်က စွန့်စားမှုတော့ လိုတာပေါ့နော်။ ဒါပါပဲ။ ကျနော်တို့ နိုင်ငံသားဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ပြန်လာရင် လက်ခံမှာပဲ။