နိုင်ငံများစွာထဲက လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ မြေမြုပ်မိုင်းတွေကြောင့် မြောက်များစွာသော အသက်တွေ ဆုံးရှုံးခဲ့ကြရ တဲ့အပြင် ကိုယ်လက်အဂင်္ါတွေ ဆုံးရှုံးခဲ့တဲ့သူတွေလည်း အမြောက်အများရှိပါတယ်။ အဲသလို နိုင်ငံတွေထဲမှာ ပြည်တွင်းစစ် အနှစ် ၇ဝနီးပါးရှိလာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခနယ်မြေတွေမှာ မြေမြုပ်မိုင်းတွေက ရှိနေဆဲဖြစ်သလို မြေမြုပ်မိုင်းတွေကြောင့်လည်း ထိခိုက်သေဆုံးသူတွေ အခုထိကို ဆက်လက်ရှိနေပါတယ်။
ဒီလိုများပြားလှတဲ့ ထိခိုက်သူတွေအထဲမှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက တခေါတိုဘောကျေးရွာသား စောကြေးယိုလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်က ၂၀၁ဝခုနှစ်မှာ စောကြေးယိုဟာ မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်ခဲ့ရပါတယ်။
အခုလို ကိုယ်လက်အဂင်္ါ ဆုံးရှုံးသွားတဲ့အပေါ် ဘဝအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး တိုင်းပြည်မှာ စည်းလုံးမှုတွေ၊ ငြိမ်း ချမ်းမှုတွေ ရှိခဲ့မယ်ဆိုရင် အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ မြေမြုပ်မိုင်းဒဏ်ခံရသူ စောကြေးယိုက ပြောပါတယ်။
“ကျနော်မိုင်းထိခဲ့တာက အိမ်ထောင်ပြုပြီး ကလေးတစ်ယောက်ရတဲ့ နောက်ပိုင်းမှာမှပါ။ ကျနော်တောထဲမှာ စားဖို့ထွက်ရှာရင်း မိုင်းနင်းမိတာဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါ ထောင်ထားတာဖြစ်တယ် ဆိုတာတော့ မသိဘူး။ ဒါက တိုင်းပြည်ထဲမှာ ငြိမ်းချမ်းမှု မရှိလို့ ကျနော် အခုလိုအဖြစ်နဲ့ တွေ့ကြုံရတာဖြစ်တယ်လို့ပဲ ယူဆမိတယ်။
သူဟာ မိုင်းထိတဲ့ဒဏ်ရာကို ၂၀၁ဝခုနှစ်တုန်းက ဖာပွန်ဆေးရုံမှာ ဆေးဝါကုသမှုကို ခံယူခဲ့ရတယ်။ ဆေးရုံမှာ နှစ်လလောက် ကြာသွားတဲ့အတွက် ကုန်ကျစရိတ်တော့ ရှိခဲ့ပေမယ့် နှစ်လပြီးတဲ့နောက်ပိုင်း ဝေဒနာ နည်းနည်းသက်သာလာပြီး ရွာကိုပြန်လာခဲ့ ပါတယ်။
မိုင်းမထိမှန်ခင်ကာလက စောကြေးယိုဟာ မိသားစုနဲ့အတူ တောင်ယာ၊ လယ်ယာအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းနေတာပါ။ တောင်ယာအလုပ်တွေအပြင် ဇကောတို့၊ ပလိုင်းတို့ယက်ရင်း ဆန်တို့၊ ဆေးရွက်တို့နဲ့လဲပြီး မိသားစုစားဖို့အတွက် လုပ်ရတယ်။ သို့သော် မိုင်းထိသွားပြီးနောက်ပိုင်းမှာ လယ်ယာ၊ တောင်ယာအလုပ်တွေကို အရင်ကလို မလုပ်နိုင်တော့ဘူး။
သူ့အတွက် အဓိက ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကတော့ လုပ်ရကိုင်ရတာ အားမရဘူး။ သွားရေးလာရေးလည်း အရင် ကလိုမျိုး မဟုတ်တော့ဘူး ဆိုတာပါပဲ။
“ကျနော့်စိတ်ထဲမှာ ခံစားရတာတစ်ခုကတော့ စိတ်မကောင်းဘူးပေါ့နော်။ အရင်က ဘဝမျိုးလို မဟုတ်တော့ဘူးပေါ့နော်။ စိတ် ထိခိုက်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ပိုများတယ်။ ကျနော့်ကို အဓိက အနီးကပ် ကူညီမှုပေးတာကတော့ ကျနော့်မိန်းမ၊ ကျနော့်မိဘ နဲ့ ဆွေမျိုးတွေပါပဲ။”
စောကြေးယိုဇနီးက “ကျမယောက်ျား မိုင်းထိပြီးနောက်ပိုင်း ကျမအတွက် အခက်အခဲတွေ အရင်ကထက် ပိုပြီး ရင်ဆိုင်ရတယ်။ ခက်ခက်ခဲခဲနဲ့ အလုပ်လုပ်ရတယ်။ အရင်လို မဟုတ်တော့ဘူး။ ကျမယောက်ျား အခုလိုဖြစ်တာ ကျမ အရမ်း စိတ်မကောင်းဖြစ်မိ တယ်။ ဒါပေမယ့် ကျမတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်။ ကျမတို့က ကလေးတွေနဲ့ ဒီလိုပဲ ပျော်ပျော်နေလိုက်တယ်။” လို့ ဆိုပါတယ်။
အခုဆိုရင် စောကြေးယိုဟာ မိုင်းထိထားတဲ့ခြေတစ်ဖက်ကို ခြေတုတပ်ထားပြီး သွားလာလုပ်ကိုင်နေသူ ဖြစ်ပါတယ်။
“ဒီခြေတုကို ကျနော် မယ်ရာမို ဒုက္ခသည်စခန်းမှာ ရခဲ့တယ်။ အဲမှာ ကျနော့်ဦးလေး၊ အဒေါ်တစ်ယောက် နှစ်ယောက်ရှိတယ်။ ဒီခြေတုကို မယ်ရာမိုစခန်းမှာ သွားတပ်ခဲ့တယ်။ ကျနော့်ဦးလေး၊ အဒေါ်တွေက ကျနော့်ကို အကြောင်းကြားတယ်။ ဒီလိုမျိုး ခြေတုတွေ လုပ်ပေးတာတွေပေါ့နော်။ ကျနော့်ကို ဒုက္ခသည်စခန်းမှာ ခြေတုတပ်ဖို့ သူတို့ လမ်းညွန်ပေးခဲ့တယ်။ အဲဒီမှာ ခြေတု တပ်တာ ကုန်ကျစရိတ်မရှိဘူးလေ။ အဲဒါကြောင့် ကျနော် မယ်ရာမိုမှာ သွားတပ်ခဲ့တယ်။”
ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားနယ်မြေဒေသ အတော်များများမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြား စစ်ရေးပဋိပက္ခတွေဟာ နှစ်ပေါင်းများစွာဖြစ်ရှိနေတာမို့ စောကြေးယိုကဲ့သို့သော ကိုယ် အဂင်္ါ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး၊ အမျိုးသား၊ ကလေးလူကြီး အရွယ်မရွေး များစွာ ရှိနေမှာပါပဲ။
စောကြေးယို နောက်ဆုံးကောက်ချက်ချတာက “တကယ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ပါ။ ကျနော်တို့က ငြိမ်းချမ်းရေး လိုအပ်တာပေါ့နော်။ ကျနော်တို့ စည်းလုံးမှုရှိဖို့လည်း လိုတယ်။ စည်းလုံးမှုရှိရင် ကျနော် အခုလို အခက်အခဲမျိုးနဲ့ တွေ့ကြုံရမှာ မဟုတ်ဘူးလို့ မြင်တယ်။”