ဩဂုတ် ၁၄ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအးရုံး(ကေအဲန်ယူ)သည် အစိုးရနှင့် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် (NCA) ကိစ္စကို ဆွေးနွေးရန် ၁၅ကြိမ်မြောက် ကွန်ကရက်အပြီး (၅)ကြိမ်မြောက် အမြဲတမ်းဗဟိုကော်မတီ၏ အရေးပေါ် အစည်းအဝေးကို ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေရှိ လေးဝါးစခန်း၌ ယနေ့ စတင်ကျင်းပနေပြီဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်မှ ၇ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)အတွက် ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ တွေ့ဆုံဆွေးနွေးခဲ့သည့်ကိစ္စကို ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု ကေ အဲန်ယူ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောသည်။
ထို့အပြင် NCA လက်မှတ်ထိုးရန်အတွက် တိုင်းရင်းသားများဘက်က SD အဖွဲ့ဝင် ၁၇ဖွဲ့စလုံးကို ပါဝင်လက်မှတ်ထိုးခွင့်ပေးရန်နှင့် အစိုးရဘက်က ၁၅ဖွဲ့ဖြင့်သာ စတင် လက်မှတ်ထိုးရေး အခြေခံမူကို စွဲကိုင်ထားသည့်ကိစ္စကို အဓိက ဆွေးနွေးပြီး ဆုံးဖြတ်ချက် တစုံ တရာ ဆုံးဖြတ်သွားမည်ဟုလည်း သိရသည်။
၎င်းအစည်းအဝေးသို့ ကေအဲန်ယူ အမြဲတမ်းကော်မတီဝင် (၄၉)ဦးအနက် (၁၀)ဦး မတက်ရောက်နိုင်သော်လည်း ကျန်ကော်မတီဝင် များက ပါဝင်တက်ရောက်ဆွေးနွေးနေကြသည်ဟု သိရသည်။