ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ထိုးမှုအပေါ်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ်အေ) စစ်ဦးစီးမှူး ပထမတန်း(G-1) ဒုဗိုလ်မှူးကြီးစောလှငွေနှင့် တွေ့ဆုံမေးမြန်းခြင်း
ယခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၊ KNU/KNLA-PC နဲ့ ရှမ်း(သျှမ်း)ပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) တို့က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
အဆိုပါကိစ္စအပေါ် ကေအဲန်ယူ၏ လက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)မှာ စစ်ဦးစီးမှူး ပထမတန်း(G-1)အဖြစ် တာဝန်ယူနေတဲ့ ဒုဗိုလ်မှူးကြီး စောလှငွေရဲ့ သုံးသပ်ထင်မြင်ချက်ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဖေဖော်ဝါရီ ၁၂ရက်နေ့က အစိုးရနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကတိပြုချက် လက်မှတ်ထိုးသွားတဲ့နဲ့ ပတ်သက်ပြီး ကေအဲန်ယူခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာပြောချင်ပါလဲ။
ဖြေ ။ ။ ထိုးသွားတဲ့လက်မှတ်နဲ့ပတ်သက်ပြီးတော့ ကျနော်သိရသလောက်ကတော့ (၄)ဖွဲ့ ထိုးသွားတယ်နော်။ အဲဒါကလည်း NCCT ရဲ့ ပြင်ပလှုပ်ရှားမှုတစ်ခုအနေနဲ့လို့ပဲ ကျနော်နားလည်တယ်။ နားလည်ပေမယ့်လို့ သူတို့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ် တယ်ဆိုတာကို သိပ်မရှင်းဘူး။ ဒါပေမယ့် ခန့်မှန်းလို့ရတာက သူတို့ဟာ လက်ရှိ NCCT လုပ်ဆောင်နေတာကို အားမရဘူး။ ဒါကြောင့် သူတို့ဟာ တခြားနည်းလမ်းတစ်ရပ်ကို ထွင်တယ်လို့ ကျနော်မြင်တယ်။
မေး ။ ။ အခုထိုးလိုက်တဲ့ ကတိကဝတ်လက်မှတ်နဲ့ ပတ်သက်ပြီးတော့ ကေအဲန်ယူအတွင်းဖြစ်စေ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ဖြေ ။ ။ လက်မှတ်ထိုးမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဟိုး ၂၀၁၁ ခုနှစ်ထဲက ကေအဲန်ယူထဲမှာလည်း နှစ်ပိုင်းရှိတယ်။ သေချာပြင်ဆင်ပြီး အထက်အောက် လူထုဆန္ဒကို ယူပြီးတော့ သေချာစဉ်းစားသုံးသပ်ပြီးတော့မှ အကျိုးရှိမယ့် အနေအထား တွေအပေါ်မှာ လက်မှတ်ထိုးမယ့်သူ ရှိတယ်။ ဒါမှမဟုတ် လက်မှတ်ထိုးလိုက်မှသာလျှင်လည်း ငါတို့က အလုပ်လုပ်တတ်မယ်ဆို ပြီး လက်မှတ်ကို အရင်ထိုး၊ နောက်မှ အလုပ်လုပ်မယ်ဆိုတဲ့ အုပ်စုတစ်စု ရှိတာပေါ့။ အဲဒီမှာကြည့်လိုက်ရင် လက်မှတ်ထိုးဖို့အ တွက်ကို အားသန်တဲ့လူတွေကနေပြီးတော့ တစ်ဖက်ဆွဲပြီးတော့ လုပ်သွားတဲ့အပေါ်မှာ ဟိုတုန်းက လုပ်သလိုပဲ ဆက်လုပ်တယ် ဆိုတဲ့သဘောပဲ။ စုပေါင်းခေါင်းဆောင်မှုနဲ့ တစ်ဦးချင်းတာဝန်ယူမှုက ရှင်းလင်းမှုမရှိဘဲနဲ့ကို လက်မှတ်ထိုးလိုတဲ့သူတွေကနေ ၂၀၁၅ ဒီကွန်ကရက် ရွေးကောက်မှုအပြီးမှာ လုပ်ပိုင်ခွင့်နဲ့ အာဏာရလာတဲ့သူတွေကနေ တစ်ဖက်ဆွဲပြီးလုပ်သွားတဲ့ ကိစ္စလို့ပဲ ကျနော်မြင်တယ်။
အဲဒီအကျိုးသက်ရောက်မှုက တိုင်းရင်းသားမဟာမိတ်တွေ ဘဝတူတွေထဲမှာ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးလုပ်ရမယ့် အ လုပ်တွေမှာ အနှောင့်အယှက်ဖြစ်တယ်။ နောက်ပြီးမိမိအဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီနည်းကျခေါင်းဆောင်မှု၊ ဝေဖန်ရေးနဲ့ ဆုံးဖြတ်ချက်တွေ၊ လမ်းစဉ်တွေအပေါ်မှာ အာမခံဖို့နေရာမှာလည်း အလေးအနက်မရှိကြောင်း ပြသရာရောက်တဲ့အတွက်ကြောင့် အဖွဲ့အစည်းအတွင်းမှာလည်း အားနည်းချက်တွေ ဖြစ်ပေါ်စေပြီး အမြင်ရှုတ်ထွေးမှုတွေ မကျေနပ်မှုတွေ ဖြစ်ပေါ်စေတယ်။
မေး ။ ။ ဆက်လက်ပြီး ထိုးသွားတဲ့ လက်မှတ်အပေါ်မှာလည်း ပြီးခဲ့တဲ့ ကေအဲန်ယူ CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကိုက် ညီမှုရှိ၊ မရှိအပေါ်မှာကော ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ ဒီကိစ္စတွေက ရှင်းရှင်းပြောရရင် ၂၀၁၁ ကေအဲန်ယူ(၁၄) ကြိမ်မြောက်ကွန်ဂရက် ပြီးဆုံးခါနီးမှာ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘော လက်ထက်မှာကတည်းက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီမှာ ဒီပုဂိ္ဂုလ်တွေကိုပဲ ကြိုက် တယ်ဆိုပြီး တင်လိုက်ကြတာလေ။ နောက်ပြီး တက်လာတဲ့သူတွေက ရွေးကောက်ပွဲကနေ တက်လာတဲ့သူတွေဖြစ်တော့ ကျနော် နားလည်တာက ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ကို အာမခံရမယ်။ ရှေ့လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရမယ်။ အခု သူတို့လက်ရှိ လုပ်ရပ်တွေကြည့်ရင် ကွန်ဂရက် ဆုံးဖြတ်ချက်ကို အာမခံဖို့ မရှိသလို အကောင်အထည်ဖော်ရမယ့် ရှေ့လုပ်ငန်းစဉ် အပေါ်မှာ ဆောင်ရွက်မှု မရှိဘဲနဲ့ လက်မှတ်ထိုးရေး၊ အစိုးရနဲ့ တွေ့ရေးကိုပဲ ဇောင်းပေးလုပ်နေတဲ့အတွက် မဟာမိတ်ပိုင်းဆိုင်ရာ မှာနဲ့ ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်မှုမှာ ၇၅ရာခိုင်နှုန်းလောက်တောင် မရှိဘူးပြောလို့ရပါတယ်။ ဒီတော့ သူတို့တွေ ကတိခံထားတဲ့ အတိုင်း ဆောင်ရွက်နိုင်မှု မရှိတဲ့အပေါ်မှာ ဒါတွေ အဆန်းကိစ္စမဟုတ်ဘဲ ထပ်တလဲလဲ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်ပါတယ်။
အဲလိုထပ်တလဲလဲ ထောက်ပြမှုတွေ အရင်ကရော ဒီကနေ့အထိ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လည်း ထောက်ပြမှုတွေကို နား မထောင်ဘဲ လုပ်နေတဲ့အတွက် လုပ်နေတဲ့သူကို သိပ်အပြစ်မတင်ချင်တော့ဘူး။ အဲဒီလို လုပ်ခွင့်ပေးတဲ့ အဓိကခေါင်းဆောင်မှု တွေဖြစ်တဲ့ ဗဟိုကော်မတီဝင် (၄၅)ယောက်၊ နောက်ပြီး EC (၁၁)ယောက်ထဲမှာပဲ တာဝန်ရှိတယ်။ အဲဒါကိုမှ ထိထိရောက် ရောက် ဟန့်တားပြောင်းလဲနိုင်မှု မရှိဘူးဆိုရင် သူတို့က အလိုတူ အလိုပါလို့လား၊ အားနာလို့လား။ တော်လှန်ရေးမှာ အားနာတာက ကြောက်ခြင်းတစ်မျိုးပဲ။ အဲလိုသာ လုပ်နေမယ်ဆိုရင် ကေအဲန်ယူ ကရင်တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်လုံးကို ပြည်သူ တွေ တစ်နေ့ ကျောခိုင်းသွားကြမှာပဲလို့ ကျနော်မြင်တယ်။
မေး ။ ။ စီးပွားရေးအလုပ်တွေကို ရှေ့တန်းတင်ပြီး ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ဆက်စပ်မှုတွေရှိနေတယ်လို့ အများက ယူဆနေကြ တဲ့အပေါ် အခု လက်မှတ်ထိုးလိုက်တာကရော ဘယ်လိုဆက်စပ်မှုတွေ ရှိနေတယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ လောလောဆယ်မှာတော့ ဒီအမြင်က အမှန်ပါပဲ။ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ဆိုတဲ့နေရာမှာ စကားပြီးစကား ပြော နေတယ်။ တကယ်တမ်း ဘာမှမလုပ်ကြဘူး။ တစ်တိုင်းပြည်လုံးမှာ တကယ့်အခြေခံ လူထုရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ကို ပြ ဿနာပေါင်းစုံတက်နေတယ်။ အခုနောက်ဆုံး တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကျောင်းသားတွေရဲ့ပညာရေးကိစ္စတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေက အများကြီး ရှိနေတယ်။
တစ်ဖက်မှာလည်း ဗမာပြည်က စီးပွားရေးအလားအလာ အကောင်းဆုံးနိုင်ငံ ဖြစ်နေတယ်။ မကြာခင်ကဆိုရင် အမေရိကန် အထူးသံအမတ်ကြီးတစ်ယောက်က ပြောသွားသေးတယ်။ မြန်မာနိုင်ငံဟာဆိုရင် စစ်အစိုးရရဲ့ အနှစ်သာရကိုလည်း ပြောင်းလဲစ ရာမလိုဘဲနဲ့ စီးပွားရေးတွေ ဖွင့်ပေးပြီးတော့ စီးပွားရေးတွေ လုပ်နိုင်တယ်။ လက်နက်ကိုင်အင်အား အသီးသီးကလည်း အခြေခံ ပြည်သူလူထုကို နားမထောင်ဘဲနဲ့လည်း နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ပေါင်းပြီးတော့ အလုပ်လုပ်ရင် ဖြစ်တာပဲဆိုတဲ့ အိုင်ဒီယာ (အမြင်ယူဆချက်) ဖြစ်တယ်။ ယနေ့ဖြစ်နေတဲ့ လက်ရှိအနေအထားထဲမှာ အဲဒီအိုင်ဒီယာကို လိုက်ဖြည့်ဆည်းပေးဖို့ လုပ်နေ တယ်လို့ပဲ ကျနော်မြင်တယ်။ ပြည်သူလူထုမြင်တာကလည်း မမှားဘူး။ တကယ်တမ်းကျတော့ အပစ်အခတ်ရပ်စဲရေးနဲ့ မှန်ကန် တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့ လုပ်နေတာထက် နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးသမားကြီးတွေရဲ့ အခွင့်အလမ်းကို ဖွင့်ပေးပြီးတော့ အရပ်စကား ပြောရရင် အကြံအဖန်ထုနေတယ်လို့ပဲ ကျနော်မြင်တယ်။
မေး ။ ။ အစိုးရနဲ့ ကေအဲန်ယူအကြားမှာ သဘောတူစာချုပ် တစ်ခုပြီးတစ်ခု ထိုးလာတဲ့အပေါ် အခုဆိုရင် ပီပြင်တဲ့ ရလဒ်တွေ ဘာတွေရလာပြီလို့ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ ဒီလိုလုပ်တာ အလုပ်မဖြစ်ဘူးဆိုတာ သိနေတယ်။ ဒီဟာက ရောဂါတစ်ခုလို ဖြစ်သွားပြီ။ လက်မှတ်ထိုးရေးရောဂါ၊ စာချုပ်ချုပ်ရေးရောဂါ ဖြစ်သွားပြီ။ နောက်တစ်ခုက ဒီလိုလုပ်တာ ပြည်သူလူထုကို နှစ်သိမ့်နိုင်မယ်၊ လှည့်စားနိုင်မယ်၊ စည်းရုံးနိုင် မယ်၊ ပြည်သူလူထု ပေါက်ကွဲမှုကို အချိန်ဆွဲနိုင်မယ်လို့ ထင်တာတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီရောဂါကို အချိန်မီ မကုရင် ပြည်သူလူထုက ကုပေးလိမ့်မယ်။ သူတို့ကိုယ်တိုင်ကတော့ ကုလို့ရမှာ မဟုတ်တော့ဘူး။
အခုလက်ရှိ သုံးနှစ်တာ ကာလကိုကြည့်ရင် သူတို့ကိုယ်တိုင်ကလည်း ကုချင်နေပုံမရဘူး။ ဘာလို့လဲဆိုတော့ လူထုစကားကို နား မထောင်ခဲ့လို့။ ဒီကနေ့ လူထုက ဘာပြောနေလဲဆိုတော့ မူးယစ်ဆေးဝါး၊ မြေယာပြဿနာတွေ ပြောနေတယ်။ လူထုက အပစ် ရပ်ဖို့၊ စစ်ရပ်ဖို့ ပြောနေတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အစစ်အမှန်ရဖို့ ပြောနေတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပဲ အခုလုပ်နေတာတွေက စားဖားများ ညီညွတ်ရေးဖြစ်နေတယ်။ ကျနော်သိရသလောက်ကတော့ လူထု ကတော့ ကျနော်တို့ကိုရော၊ အစိုးရကိုရော ဘယ်သူမှ မကြိုက်ဘူး။ လူထုက သိပ်ကြိုက်ချင်၊ ချစ်ချင်နေတာ။ သူတို့အပေါ် လုပ်ပေးစေချင်တယ်။ ကတိတည်စေချင်တယ်။ အဲလိုဖြစ်မလာတော့ နောက်ဆုံးလူထုက ဘယ်သူ့ကိုမှ မကြိုက်တော့ဘူး။
မေး ။ ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အပစ်အခတ်ရပ်စဲရေးလုပ်နေတယ်။ အခြေအနေက လက်မှတ်ထိုးတဲ့သူက ထိုးတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာက တိုက်ပွဲ ဖြစ်နေတယ်။ ဘာကြောင့် အဲလိုဖြစ်တယ်လို့ မြင်ပါသ လဲ။
ဖြေ ။ ။ ဒီကိစ္စတွေက အခုမှဖြစ်တာ မဟုတ်ဘူး၊ ဟိုးတုန်းကလည်းဖြစ်တာပါပဲ။ အတူတကွ နေကြတယ်။ မင်းထိရင် ငါမခံဘူး ထချမယ်။ အတူတကွ လက်မှတ်ထိုးတယ်။မင်းထိရင် ငါနဲ့မဆိုင်ဘူးဆိုပြီး မလုပ်တာလည်း တစ်ပုံကြီးပါပဲ။ တိုင်းပြည်ရဲ့ ဖြစ်ရပ်အခြေအနေမှန်တွေ၊ တော်လှန်ရေးလို့ ကြွေးကြော်ပြီး တိုက်နေတဲ့ သူတွေရဲ့ ဖြစ်ရပ်မှန်တွေ ပါတီတွေ ပြည်သူလုထုတွေရဲ့ ဖြစ်ရပ်မှန်တွေက ဒီကနေ့ဖြစ်စဉ်ကြီးအပေါ်မှာ မှီတည်နေတာ ပါပဲ။ ကိုယ်ဘယ်သူလဲဆိုတာ ဖော်ပြနေတာပဲ။ ဒီအခြေအနေမှာ ကိုယ်ဘယ်သူလဲဆိုတာ ပြည်သူလူထုကို အကောင်းဆုံးဖော်ပြနိုင်ရင်တော့ ပြည်သူက လက်ခံမှာပဲ။ ပြည်သူလူထု မျှော်လင့်တောင့်တနေတဲ့အတိုင်း အာဏာမက်မောမှုတွေ၊ မာန်မာနတွေ၊ ဥစ္စာဖက်တွယ်မှုတွေကို ဖြုတ်ချပြီး တကယ့်စစ်မှန်တဲ့ ပြည်ထောင်စုကြီး ကို တည်ဆောက်နိုင်အောင် လုပ်ဆောင်ဖို့ သင့်ပါပြီ။ ကျနော်တို့အားလုံး အကောင်းမကုန်သေးတဲ့ အနေအထားမှာ အကုန်ကောင်းအောင် လုပ်သွားရမယ့် အချိန်ဖြစ်နေပြီလို့ မြင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို ဘာများပြောကြားချင်ပါလဲ။
ဖြေ။ ။ ပြည်သူကို ပြောချင်တာက အာဏာအစစ်ဆိုတာ ပြည်သူတွေဆီကပဲ လာတယ်။ အဆုံးအဖြတ်ပေး မှာလည်း ပြည်သူတွေပဲဖြစ်တယ်။ နောက်တစ်ခုက ပြည်သူဆိုတာ ဘယ်တော့မှ မဖောက်ပြန်ဘူး။ ပြည်သူ့ အရေးတော်ပုံတွေကလည်း ခေတ်ကာလအလိုက် အရင်ကရော အခုလက်ရှိရော ဖြစ်ပေါ်နေတုန်းပဲ ဖြစ်တယ်။ ပိုမိုကြီးမားတဲ့ အရေးတော်ပုံတွေဖြစ်လာဖို့ တာစူနေတာလည်း ရှိနေတယ်။ အဲဒီလိုဖြစ်မလာအောင် တာဝန်ယူ တာဝန်ခံရမယ့်သူတွေက တာဝန်ယူ တာဝန်ခံမှုမရှိတဲ့အပေါ်မှာ ရွေးချယ်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ပေါ် လာတယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးတဲ့ အခြေအနေရောက်ရင်တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာပဲ။ တစ်မျိုးသားလုံးနဲ့ ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေဟာ အချုပ်အခြာ အကျဆုံးဖြစ်တယ်။ ဒါကြောင့် ပါတီအားကိုး၊ ပုဂိ္ဂုလ်တွေ ခေါင်းဆောင်တွေအားကိုး အဖွဲ့အစည်း အားကိုးမှုတွေ ကိုတော့ ဒီလောက်ဆိုသဘောပေါက်ဖို့ ကောင်းပါပြီ။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းတွေကို ပစ်ပယ်ဖို့တော့ မပြောပါဘူး။ ပြည်သူလူထုတွေက ကိုယ်အခွင့်အရေးကို ပြတ်ပြတ်သားသားစည်းစည်းလုံးလုံးနဲ့ တိုက်ရင် တော့ အဲဒီလူတွေလည်း ပြောင်းလဲလာလိမ့်မယ်။ အဲလိုမဟုတ်ပဲ ဆက်အားကိုးပြီးတော့ မပြောင်းလဲဘူးဆိုရင် ပြည်သူလူထုကို ဆက်ပြီး နှိပ်စက်ညှင်းပမ်းလိမ့်မယ်။
ပြည်သူလူထုတွေထဲမှာ အရည်အချင်းကျဆင်းသွားပြီး မှန်ကန်တဲ့ အရေးတော်ပုံတွေမပေါ်ဘဲနဲ့ ပုန်ကန်ထကြွမှု တွေပဲ ပေါ်ပြီး တိုင်းပြည်ပျက်စီးသွားလိမ့်မယ်။ ပြည်သူတွေလည်း သမိုင်းသင်ခန်းစာယူပြီးတော့ မှန်မှန်ကန်ကန် နဲ့ ပြည်သူ့တိုက်ပွဲဆင်နွှဲကြဖို့ ပြည်သူတွေအပေါ် သစ္စာမခံတဲ့သူ၊ သစ္စာခံပြီး သစ္စာဖောက်တဲ့သူတွေအပေါ်မှာ ပြည်သူတွေက ဘယ်သူကရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ သိမှသာလျှင် ပြည်သူတိုက်ပွဲဦးတည်ချက် ကောင်းကောင်းချမှတ်နိုင်မယ်။ ကျနော်ကတော့အရေးတော်ပုံကနေ လက်နက်ကိုင်တော်လှန်ရေးထဲကို ရောက်လာတဲ့အတွက် အရေးတော်ပုံကိုယုံကြည်တယ်။ အရေးတော်ပုံကနေ တကယ့်စစ်မှန်တဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ မွေးဖွားလာမယ်။လူငယ်မျိုးဆက်သစ်တွေကိုလည်း ကျနော် ယုံကြည်တယ်၊ အပြည့်အဝလည်းထောက်ခံတယ်။ အဲဒီတော့ လူထုဆန္ဒ၊ လူထုတိုက်ပွဲနဲ့ လူထုအဆုံးအဖြတ်နဲ့ စီရင်မှုကို ပြသဖို့ ကျနော်တိုက်တွန်းချင်ပါတယ်။ အဲဒီအထဲမှာ ကျနော်တို့လည်း တရားခံတွေအဖြစ် အစီရင်ခံရမယ်ဆိုလည်း ကျေကျေနပ်နပ်နဲ့ ခံယူသွားမယ်။ ပြည်သူလူထုက သုံးစားလို့ရသေးလား၊ မရသေးလား ဆိုတာကတော့ လူထုတိုက်ပွဲတွေထဲက လူထုဆန္ဒကို ဖော်ဆောင်ပေးတဲ့မှတ်ကျောက်တွေအပေါ်မှာပဲ ဆက်လက်ပြီး ရွေးချယ်သွားပါလို့ ကျနော်ပြောချင်တယ်။
————
ဒု-ဗိုလ်မှူးကြီး စောလှငွေဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ဇာတိဖြစ်ပြီး ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်နဲ့ ကျောင်းတက်ရင်း ၁၉၇၄ခုနှစ်၊ ဦးသန့် အရေးအခင်းမှာ ပါဝင်တဲ့အတွက်ကြောင့် ထောင်ထဲမှာ (၄)နှစ်ကျော် ဖမ်းဆီးထောင်ချခံခဲ့သူ ဖြစ် ပါတယ်။ ထောင်ကနေ ပြန်ထွက်လာပြီးနောက် ကျောင်းဆရာဘဝနဲ့ ကလေးတွေကို ဆရာသင်ကြားပေးခဲ့ပါတယ်။ ၁၉၈၂ခုနှစ်၊ မတ်လ ၂၇ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးနေ့မှာပဲ အစိုးရက လိုက်လံဖမ်းဆီးတဲ့အတွက် ကရင့်တော်လှန်ရေးနယ်မြေထဲကို ရောက်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်မှာ စစ်ဘက်၊ အရပ်ဘက် အဆင့်ဆင့် တာဝန်ထမ်းဆောင်လာပြီး ၂၀၀၈ခုနှစ်၊ အောက်တိုဘာ ဖာပွန်ခရိုင်၊ တပ်မဟာ(၅) သေ့ကော်ထာ့စခန်းမှာ ကျင်းပခဲ့တဲ့ (၁၄)ကြိမ်မြောက် ကေအဲန်ယူ ကွန် ဂရက်မှာ တွဲဘက် အတွင်းရေးမှူး(၁)အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီးတော့ လေးနှစ်တာ ကွန်ဂရက် သက်တမ်းတစ်ခုအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကေအဲန်အယ်လ်အေရဲ့ G-1 အဖြစ် တာဝန်ကို ယာယီ စတင် ထမ်းဆောင်နေပါတယ်။