Home သတင်း လူထုဦး‌ဆောင်သည့် ကရင်အမျိုးသား‌နေ့ ကြာအင်းဆိပ်ကြီးနယ်ဘက်တွင် ကျင်းပနိုင်ခဲ့

လူထုဦး‌ဆောင်သည့် ကရင်အမျိုးသား‌နေ့ ကြာအင်းဆိပ်ကြီးနယ်ဘက်တွင် ကျင်းပနိုင်ခဲ့

1787
(၆၆နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ တက်‌ရောက်သည့် ကရင်လူထု)

‌ဖေ‌ဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၆နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကရင်အမျိုး သားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ (ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်) ဘဲလမု‌ကျေးရွာ၌ ကရင်ပြည်သူလူထုက ပထမဆုံးအကြိမ် ဦး‌ဆောင်ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

“အရင်နှစ်‌တွေတုန်းက‌တော့ အခြား‌ဒေသ‌တွေမှာ အနည်းအကျဉ်း သ‌ဘောမျိုးပဲ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်ကျ‌တော့ လူထုက လုပ်ဖို့‌တောင်းဆိုလာတယ်။ အဲလိုလူထုက လိုလိုလားလားနဲ့ ပါဝင်လာတဲ့အတွက်‌ကော၊ လုပ်နိုင်တဲ့အတွက်ပါ ဝမ်းသာစရာပါ” ဟု ‌ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း၌ ကရင်အမျိုးသား‌နေ့အခမ်းအနားကို ‌နေရာတစ်ခုတည်းသာ စု‌ပေါင်းကျင်းပခြင်းဖြစ်ပြီး ၎င်းခရိုင်၏ အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်၊ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း အပါအဝင် ဘဲလမု‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာအုပ်စု ၆စုနှင့် ကျန်‌ကျေးရွာ ၄၁ရွာမှ ကရင်ပြည်သူလူထု စုစု‌ပေါင်း တစ်‌ထောင်‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

အခမ်းအနား ဖြစ်‌မြောက်‌ရေးတွင် ပါဝင်သူ ဘဲလမုရွာမှ ကရင်လူငယ် ‌စောအယ်ခူစိုးက “ကရင်‌တွေ ‌တောင်းဆိုခဲ့တဲ့ အချက် ‌လေးချက်ကို ပြန်အသက်သွင်းတဲ့သ‌ဘောပါ။ ဒီ‌တောင်းဆိုခဲ့တာ‌တွေကို ကိုယ့်ကရင်ပြည်သူ‌တွေ မ‌မေ့ဖို့နဲ့ ပြန်လည်သိရှိပြီး ဆက်လက် လုပ်‌ဆောင်သွားဖို့ နှိုး‌ဆော်တဲ့အ‌နေနဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က ကရင်အမျိုးသား‌နေ့ကို ‌ကေအဲန်ယူမှ နှစ်စဉ် ဦး‌ဆောင်ကျင်းပလာခဲ့‌သော်လည်း ယခုနှစ်တွင်မူ ကရင်လူငယ်နှင့် ကရင် လူထုက ဦး‌ဆောင်ကျင်းပလာခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြည်သူလူထုကိုယ်တိုင် ဆက်လက် ‌ဆောင်ရွက်သွားနိုင် ရန် ‌မျှော်လင့်‌ကြောင်း သူက ဆက်‌ပြောသည်။

ထိုအခမ်းအနားတွင် ကရင်အမျိုးသား အလံ‌တော် အ‌လေးပြုခြင်း၊ သဘာပတိမှ မိန့်ခွန်း‌ပြောကြားခြင်း၊ ပဒို‌စောသမိန်ထွန်းက ကရင်အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံ၊ ‌ကေအဲန်ယူနှင့် မြန်မာအစိုးရအကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု အ‌ခြေအ‌နေနှင့် လက်ရှိ နိုင်ငံ ‌ရေးအ‌ခြေအ‌နေများကို ရှင်းလင်း‌ဆွေး‌နွေးသွားခဲ့သည်။

“ကရင်အမျိုးသား‌နေ့ဆိုတာ ကရင်တမျိုးသားလုံးနဲ့ ဆိုင်တယ်။ အဲဒီအသိစိတ်‌လေးနဲ့ ကျ‌နော်တို့ ပါဝင်ဖြစ်တာပါ။ ‌နောက်ပြီး အခု လို အခမ်းအနားလုပ်ဖြစ်‌တော့ ကရင်အမျိုးသား‌နေ့အ‌ကြောင်းအပြင် နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေကိုလည်း နားလည်သ‌ဘော ‌ပေါက်လာတယ်”ဟု ‌စောအယ်ခူစိုးက ဖြည့်စွက်‌ပြောဆိုသည်။

ဒုတိယကမ္ဘာစစ်အပြီး ကရင်အမျိုးသားများက ကရင်ပြည်‌ပေးရန် ဖဆပလအစိုးရထံသို့ ‌တောင်းဆိုရာ မလိုက်‌လျောခဲ့ဘဲ ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် တစ်နိုင်ငံလုံးရှိ ကရင်ပြည်သူ‌လေးသိန်း‌ကျော်က ကရင်ပြည်ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ စသည့်‌ကြွေး‌ကြော်သံ ပိုစတာများကိုင် ‌ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ထိုသို့ ကရင်တစ်မျိုးသားလုံး၏ နိုင်ငံ‌ရေးအသိ၊ မျိုးချစ်စိတ်၊ စည်းလုံးညီညွှတ်မှုကို ဆန္ဒထုတ်‌ဖော်ခဲ့သည့်‌နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃-၂၅ရက်‌နေ့အထိပြုလုပ်‌သော ‌ကော်သူး‌လေပြည်လုံးဆိုင်ရာကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။