Home သတင်း လက်ရှိ လွှတ်‌တော်ဟာ တရားမဝင်ဘူးလို့ ဘာ‌ကြောင့်‌ပြောသလဲ။

လက်ရှိ လွှတ်‌တော်ဟာ တရားမဝင်ဘူးလို့ ဘာ‌ကြောင့်‌ပြောသလဲ။

1870
‌အောင်ထူး (‌ရှေ့‌နေ)

‌ဒေါ်‌အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ တွင် တိုင်းရင်းသားလူမျိုးများဟူ‌သော ‌ဝေါဟာရအား သတ်သတ်မှတ်မှတ် အဓိပ္ပါယ်‌ဖော်ထားခြင်း မရှိ‌ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ‌ဒေကို ကိုးကားလျှက် ဇူလိုင်လ (၂၅)ရက်‌နေ့တွင်လွှတ်‌တော်၌ ‌ဆွေး‌နွေးသွားခဲ့‌ကြောင်း သိရသည်။ ယင်းကို ရည်ညွှန်းကာ တိုင်းရင်း သား ဆိုတဲ့ ‌ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ် ဖွင့်ဆို ပြဌာန်းဘို့ လိုအပ်တယ်လို့ထင်ပါ သလား ဟု ဘီဘီစီက စာ‌ရေးသူ အား ထို‌နေ့မှာပင် ‌မေးလာခဲ့သည်။

စာ‌ရေးသူက “လိုအပ်ပါတယ်။ ဒါ‌ပေမယ့် လက်ရှိလွှတ်‌တော်ကို‌တော့ အဓိပ္ပါယ်ဖွင့်ခွင့် မ‌ပေးသင့်ဘူး။ ကျွန်‌တော့် တ‌ယောက်ထဲအမြင်အရ‌တော့ လက်ရှိလွှတ်‌တော်ဟာ တရားမဝင်လို့ ဖြစ်တယ်။” ဟု ‌ဖြေကြားခဲ့သည်။ အချိန်အကန့် အသတ်အရ အဘယ်‌ကြောင့် တရားမဝင်‌ကြောင်း ဘီဘီစီမှ ‌နေ၍ မိမိအမြင်ကို ရှင်းလင်းခွင့် မရခဲ့သဖြင့် လူထု တရပ်လုံး သိ‌အောင် ယခုတင်ပြခြင်း ဖြစ်ပါသည်။

‌ဆွေး‌နွေးခန်းတခု၌ စာ‌ရေးသူက “စစ်အစိုးရတည်‌ထောင်ထား‌သော လွှတ်‌တော်” ဟု သုံးနှူံးခဲ့ရာ တဖက်မှ လက်ရှိလွှတ် ‌တော် ကိုယ်စားလှယ် တဦးက မိမိအား “ဦး‌အောင်ထူးက စစ်တပ်အ‌ပေါ် အစွဲရှိ‌နေတယ်၊ ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ် တိုင်တက်‌နေတဲ့ လွှတ်‌တော်ကို သည်လို မသုံးနုန်းသင့်ပါဘူး။” ဟု ကန့်ကွက်သွားခဲ့သည်။

စင်စစ်အားဖြင့် စာ‌ရေးသူ သည် စစ်တပ်အ‌ပေါ် အစွဲဖြင့် (တနည်းအားဖြင့်) အချက်အလက်မရှိဘဲ ဆန္ဒစွဲ(Subjectivism) ဖြင့် ကိုယ်လိုရာဆွဲ‌ပြော ‌ဝေဘန် ‌နေခြင်းမဟုတ်ပါ။ အချက်အလက် ခိုင်ခိုင်ဖြင့် ‌ပြော‌နေခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအ‌ပေါ် အ‌ခြေပြု လျှက် ဖွဲ့စည်းထား ‌သော ဦးသိန်းစိန် ဦး‌ဆောင်သည့် အစိုးရကို မိမိက စစ်အစိုးရဟုသာ သတ်မှတ်ပါသည်။ ဤသည် နှင့် စပ်လျှဉ်း၍ မိမိ အ‌နေဖြင့် လိုအပ်လျှင် နိုင်ငံတကာတွင်ဖြစ်‌စေ၊ ကုလသမဂ္ဂ‌ရှေ့တွင် ဖြစ်‌စေ ရှင်းနိုင်ပါသည်။ သို့ဖြစ် ၍ “စစ်အစိုးရ တည်‌ထောင်ထား‌သော လွှတ်‌တော်” ဟု သုံးနှူံးခဲ့ခြင်းဖြစ်သည်။

ယင်းလွှတ်‌တော်သည် တရားမဝင်ဟု အဘယ်‌ကြောင့်‌ပြောပါသနည်း။ တခွန်းထဲနှင့် ချုပ်ပြီးဆိုရလျှင် လူထုက စစ်မှန် စွာ ‌ရွေးချယ်တင်‌မြှောက်ခြင်းခံထားရသူ မဟုတ်သူ အများစုကြီးနှင့် ဖွဲ့စည်းထား‌သော‌ကြောင့် ဖြစ်သည်။ ၂၀၁ဝ ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အဓိကအနိုင်ယူသွားခဲ့‌ကြောင်း တပြည်လုံးသိဖြစ်သည်။ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ကိုယ်တိုင်ကလည်း ‌နောင်‌ရွေး‌ကောက်ပွဲများ၌ ကြိုတင်မဲပြသနာများ မဖြစ်ပွား‌အောင် လုပ်‌ဆောင်သွားပါမည် ဟု ဝန်ခံ ခဲ့သည်။

သို့ရာတွင် ကြိုတင်မဲများကို သုံးကာ လွှတ်‌တော်ခုံ‌နေရာများ၌ ခပ်တည်တည် အခန် ့သားထိုင်‌နေပြီ ဖြစ်‌သော ကိုယ်စားလှယ်အတု ကြီးများကို မူ မည်သို့မျှ အ‌ရေးယူခြင်းမရှိခဲ့။ ကြိုတင်မဲပြသနာများ ကိုလည်း စုံစမ်းစစ်‌ဆေး ‌ဖေါ် ထုတ်ခဲ့ခြင်းမရှိ။ယင်းမှာ ပထမ အမျိုးအစား ကိုယ်စားလှယ် အတုကြီးများဖြစ်သည်။

ဒုတိယ အမျိုးအစားကိုယ်စားလှယ် အတုကြီးများမှာ စစ်တပ်က လာသည်။ မြန်မာစကားတွင် ဒူး‌နေရာဒူး ‌တော်‌နေရာ ‌တော် ဆိုတာရှိသည်။ စစ်‌ရေးကိစ္စကို ဘာတခုမှ သင်ယူ ‌လေ့ကျင့်ခဲ့ဘူးခြင်း မရှိသည့် ‌ရှေ့‌နေတဦးက မိမိဝတ်ဆင်မြဲ ဖြစ်‌သော တိုက်ပုံ(သို့မဟုတ်) ဝတ်ရုံအမဲကြီးကို ဝတ်ဆင် ‌ခေါင်း‌ပေါင်းကြီး‌ပေါင်းပြီး ‌ရှေ့တန်းစစ်စခန်း‌တောင်ကုန်း တခု‌ပေါ်သွား၊ စစ်တိုက်‌နေသည့် စစ်သားများကို အမိန့်‌ပေးမည်ဆိုလျှင် သင့်‌တော်မည်မဟုတ်ပါ။

ထိုနည်းတူစွာပင် ကိုယ့်ကို လူထုက‌ရွေးချယ်တင်‌မြှောက်ခြင်း မပြုပါဘဲလျှက် ယူနီ‌ဖေါင်းကြီး တကားကားဝတ်ပြီး လွှတ်‌တော်တွင်း လာထိုင်‌နေကြသည်ကို ‌တွေ့ရသည်မှာ လွှတ်‌တော်၏ ဂုဏ်သိက္ခာဟူသည်ကို တပြားမှ မရှိ‌အောင် ကျဆင်း‌စေပါ သည်။ ထိုကဲ့သို ့‌သော လွှတ်‌တော်မျိုးကို ကမာ္ဘမှာဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် အညီ မည်သည့်နိုင်ငံတွင် မျှ မကျင့်သုံး ‌တော့ပါ။ ဒူး‌နေရာဒူး ‌တော်‌နေရာ‌တော် ဆိုသည်ကိုပင် နားလည်ကျင့်သုံးနိုင်ခြင်း မရှိပါက အဆိုပါ ‌ရှေ့‌နေ သည်လည်း ‌ကောင်း၊ အဆိုပါ စစ်ဗိုလ် စစ်သားသည်လည်း‌ကောင်းရှက်တတ်သူများ ဖြစ်ပါက လဲ‌သေလိုက်ဘို့သာ ‌ကောင်းပါ သည်။ ဤသို့‌သော ပုဂ္ဂိုလ်များ လွှမ်းမိုးထား‌သော လွှတ်‌တော်ကို တရားဝင်လွှတ်‌တော်ဟု မည်သို့ လက်ခံ နိုင်ပါ အံ့နည်း။

‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင် တက်လိုက်သဖြင့် ယင်းလွှတ်‌တော်၏ အနှစ်သာရ‌ပြောင်းသွားသည်ဟု မမြင်ပါ။ ပတ္တမြား တချို ့နှင့် ‌ရောလိုက်‌သော်လည်း ‌ကျောက်ဖျင်းများသည် ပတ္တမြားဖြစ်မသွားပါ။ စာ‌ရေးသူအ‌နေဖြင့်မူ အသွင် သဏ္ဍာန်ကို မဟုတ်အနှစ်သာရကိုသာ အဓိကထားပါသည်။ လူထုက စစ်မှန်စွာ ‌ရွေးချယ်တင်‌မြှောက်ခြင်းခံထားရသူ အများစုကြီး လွှမ်းမိုးစီးနင်းထား‌သော လွှတ်‌တော် အ‌ဆောက်အဦးကို ‌ရွှေသား အတိဖြင့် ‌ဆောက်ထားပါ‌စေဦး။ အဆိုပါ ကိုယ်စားလှယ်ဆိုသူများသည် ‌ရွှေပုဆိုးများ ဝတ်၍ အစည်းအ‌ဝေးများတက်‌နေကြပါ ‌စေဦး။ အထင်ကြီး‌လေးစား နိုင် ဘွယ် မရှိပါ။ လူထုက စစ်မှန်စွာ ‌ရွေးချယ်တင် ‌မြှောက်ခြင်းခံထားရသူများနှင့် ဖွဲ့စည်းထားသည့် လွှတ်‌တော်ကို ဓနိမိုး ဝါးတိုင်နှင့်သာ ‌ဆောက်နိုင်ပါ‌စေဦး။ ကိုယ်စားလှယ်များအ‌နေဖြင့် သာမန် အဝတ်အစားများမျှ‌လောက်သာ ဝတ်ဆင်နိုင် ပါ‌စေဦး။ ဒါငါတို့ လွှတ်‌တော်ကွ ဟု ကမာ္ဘသိ ‌ကြွေး‌ကြော်လိုပါသည်။

အများမိုးခါး‌ရေ ‌သောက်‌နေသည် ဆို‌သော်ငြား မ‌သောက်သူများလဲ ရှိပါမည်။ ထိုပုဂ္ဂိုလ်များနှင့် အတူ လက်တွဲပြီး မ‌သောက်ဘဲ‌နေပါမည်။ မိုးခါးရွာကျခြင်းမှာ ကာလကြာမည်ဟု ကျွန်‌တော်မထင်ပါ။ သဘာဝ‌ပေါက်ပင်က‌လေးများ အား‌ကောင်းရှင်သန်လာ‌အောင် ပံ့ပိုး ပျိုး‌ထောင်‌ပေးရင်း ‌ရေကြည်‌ရေ‌ပေါက်များနှင့် ပြည့်ဖြိုး လျှက် ရှိ‌သော မိုးချို‌ရေများ ရွာကျလာမည့်ကာလအထိ ကျွန်‌တော်‌စောင့် ပါမည်။

‌အောင်ထူး (‌ရှေ့‌နေ)

ဇူလိုင်လ (၂၆) ရက် ၂၀၁၂ ခုနှစ်