ဩဂုတ်လ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းအတွင်း လွန်ခဲ့သည့်ရက်ပိုင်းက ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုအပေါ် ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။
ထိုင်းစစ်တပ်၊ ထာ့ဟန်ဖန်းနှင့် အောဆော်အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၁ရက်နေ့တွင် နို့ဖိုးဒုက္ခသည်စခန်းနှင့် ယမန်နေ့တွင် မယ်လဒုက္ခသည်စခန်းများသို့ နံနက် ၅နာရီခန့်မှစ၍ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် မိုးမလင်း၊ အိပ်ယာ မနိုးသေးသည့်အတွက် စခန်းသူစခန်းသားများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရကြောင်း မယ်လစခန်းမှ အမျိုး သမီးတဦးက ယခုလို ပြောသည်။
သူမက “မနေ့က မနက်အစောကြီးမှာ ဇုံ (၃)ဇုံစလုံးကို တပြိုင်နက်တည်း ဝင်စစ်တာလေ။ အကျင်္ီအမဲတွေနဲ့တဖွဲ့၊ ပြောက်ကျား အစိမ်းရင့်နဲ့ကတဖွဲ့၊ နောက်ပြီးတော့ စစ်ရောင်လေးကတဖွဲ့ ဝင်စစ်တာကို ကျမတို့တွေ့ရတယ်ပေါ့ နော်။ ကျမတို့အိမ်ရှေ့က အိမ် တအိမ်ကိုလည်း ဝင်စစ်တယ်။ ဝင်လာတာလည်း မတူကြဘူး။ တချို့စစ်သားတွေ ကျတော့ စကားပြောကြမ်းတယ်။ အိမ်တွေ ပေါ်ကို တက်မွှေတဲ့အချိန်မှာ စစ်ယူနီဖောင်းတွေနဲ့ အိပ်ယာတွေမှာ တက်နင်းတယ်။ နေ့လည်(၁၂)နာရီလောက်မှာ ကျောင်းက ပြန်ဆင်းလာတဲ့ ဆရာမလေးတွေကို သူတို့က သေနတ်တွေနဲ့ချိန်ပြီးတော့ ဖမ်းသွားတယ်လို့ ကျမတို့ သိရတယ်။ ငိုတဲ့လူက ငို ကြတာပေါ့။ ကြောက်ကြတာ ပေါ့နော်”ဟု ပြောသည်။
အလားတူ နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးကလည်း “နို့ဖိုးမှာတော့ မနက်(၄)နာရီလောက်မှာ သူတို့ (ထိုင်းအာဏာပိုင်) တွေက အုပ်စုလိုက် ကားနဲ့ဝင်လာပြီးတော့ ရပ်ကွက်(၆)မှာ သူတို့ဝင်စစ်တာပေါ့နော်။ သူများအိမ်တွေမှာ လိုက်တက်တယ်။ သူများတွေအိပ်ယာတောင် မနိုးသေးဘူး။ လိုက်စစ်ပြီးတော့ (ယူအဲန်) ဓါတ်ပုံမရှိတဲ့လူတွေကို သူတို့ဖမ်းထားပြီးတော့ ဘုန်း ကြီးကျောင်းမှာ ခေါ်စုတယ်။ာ ဓါတ်ပုံတွေ ရိုက်ယူသွား ကြတယ်”ဟု ပြောသည်။
ဒုက္ခသည်စခန်းအတွင်း ယင်းကဲ့သို့ ဝင်ရောက်စစ်ဆေးရခြင်းနှင့် ပတ်သက်၍ မဲဆောက်အခြေစိုက် အမှတ်(၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒွန်ယင့်ဖာဘွန်စွန်က ဘီဘီစီကို ယခုလို ပြောသည်။
၎င်းက “ထိုင်းစစ်တပ်အနေနဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့အဖွဲ့တွေ၊ ဒုက္ခသည်စခန်းထဲက တခြားဒုက္ခသည် တွေနဲ့ ရော နှောပြီး ပုန်းအောင်းနေတာတွေ၊ လက်နက်တွေလာဝှက်ထားမှု ရှိမရှိနဲ့ နိုင်ငံခြားသွားဖို့ ခိုးဝင်နေထိုင်သူ တွေကို ဖော်ထုတ်ဖို့အ တွက် အခုလို ပိတ်ဆို့ရှာဖွေတာပါ။ အိမ်နီးချင်းနိုင်ငံနဲ့ မျက်နှာပျက်ရမယ့် နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံထဲမှာ လုပ်ခွင့်မပေးဘူးဆိုတာ ထပ်ပြီး အခိုင်အမာ ပြောဆိုပါတယ်”ဟု ဆိုသည်။
မယ်လစခန်းက အစစ်ဆေးခံရသူ ကလေးမလေးတဦးကလည်း “သမီးတို့အိမ်ကို ထိုင်းစစ်သားတွေ အများကြီးက မနက် (၆) နာရီလောက်မှာ ကျမတို့ အိပ်ရာမနိုးသေးပဲနဲ့ ထိုင်းစစ်တပ်က သေနတ်တွေနဲ့ အိမ်ကို ဝိုင်းထားတယ်။ ပြီးတော့ ကျမတို့ကို ခေါ်နှိုး၊ စစ်ဆေးမေးမြန်းပြီးတော့ အိမ်သားတယောက်ချင်းစီကို ဓါတ်ပုံတွေရိုက်ယူသွားတယ်။ အိမ်ထဲမှာလည်း ဓါတ်ပုံ လျှောက်ရိုက်တယ်။ မိသားစုအလိုက် (ယူအဲန်)လက်မှတ်ကိုလည်း ဓါတ်ပုံရိုက်ယူတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ကျမတို့ လည်း ကြောက်တာပေါ့”ဟု ပြောသည်။
ယင်းသို့ ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ၎င်းတို့ထင်မြင်ထားသည့် တရားမဝင်ပုန်းအောင်းလာသည့် လက်နက် ကိုင်အဖွဲ့အစည်းများ၊ ခိုးဝှက်လက်နက်ပစ္စည်းများကို မတွေ့ရဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ် မရှိသူ (၁၀၀) ကျော်ကိုသာ စစ်ဆေးတွေ့ရှိဖမ်းဆီးလိုက်ပြီး ထိုသူများကို မှတ်တမ်းဓါတ်ပုံရိုက်ယူ သွားကာ ပြန်လည်လွှတ်ပေးခဲ့သည်ဟု မယ် လစခန်း ဒုဥက္ကဌ စောထွန်းထွန်းက ပြောသည်။
အုန်းဖျန်ဒုက္ခသည်စခန်းတွင်မူ ထိုင်းအာဏာပိုင်များက အလားတူ စစ်ဆေးမှုများ မပြုလုပ်သေးသော်လည်း ဝင်ရောက်နိုင်ဖွယ် ရှိသည်ဟု အုန်းဖျန်စခန်းဥက္ကဌ စောမောင်ဝါးက ကေအိုင်စီကို ယခုလို ပြောသည်။
“ကျနော်တို့စခန်းမှာ ဝင်လာတာတော့မရှိသေးဘူး။ ဒါပေမယ့် မကြာခင်မှာ ဝင်လာနိုင်တယ်။ ရက်အတိအကျ တော့ ကျနော် မပြောနိုင်ဘူး။ သူတို့ (ထိုင်းအာဏာပိုင်)ဖက်ကလည်း ဘာမှအကြောင်းကြားတာ မရှိသေးဘူး” ပြောသည်။
လွန်ခဲ့သည့် ၂၀၀၇ခုနှစ်ကလည်း မယ်လဒုက္ခသည်စခန်းရှိ ဇုံအေတွင် ထိုင်းအာဏာပိုင်များက မနက်စောစောတွင် ယခုလိုမျိုး ရှောင်တခင် ဝင်ရောက်ပြီး မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် နေထိုင်သူအတော်များများ ကို ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။