Home သတင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့၊ လူနာများကို ဆေးရုံဆင်းခိုင်း

နယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့၊ လူနာများကို ဆေးရုံဆင်းခိုင်း

720

ဇန်နဝါရီ ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများစတင် ဆိုင်းငံ့ထားလိုက်ရသည်ဟု ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များက ကေအိုင်စီသို့ ပြောသည်။

အမေရိကန်၏ ဒုက္ခသည်များ ကျန်းမာ‌ရေးကူညီ‌ပေး‌ရေးအဖွဲ့(IRC-International Rescue Committee) ကို ပေးသည့် အထောက်အပံ့များ ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်သည့်အတွက် အဆိုပါ IRC လက်အောက်ရှိ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများလည်း ယာယီဆိုင်းငံ့ထားလိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။
ယခုလို ဝန်ဆောင်မှုဆိုင်းငံ့ထားသည့်အတွက် ဒုက္ခသည်စခန်းအတွင်းဆေးရုံတက်နေရသည့် အရေးပေါ် လူနာမှလွဲ၍ ကျန်သည့်လူနာများကို ယနေ့နံနက်ပိုင်းမှစ၍ ဆေးရုံဆင်းခွင့်ပေးလိုက်ရကာ ပြင်ပလူနာများလည်း လက်မခံတော့ကြောင်း ကျမ်းမာရေးဝန်ဆောင်မှုပေးနေသူ တာဝန်ရှိသူများထံမှ သိရသည်။

“အတိအကျတော့မသိသေးဘူး။ အထက်ကပြောလာလို့ အခုဆေးရုံမှာ တက်တဲ့လူနာတွေ အကုန်ဆင်းသွားပြီး။ ဒီမနက် ဆေးရုံလာတက်တော့ ဘာမှမသိရဘူး။ IRC လက်အောက်က ဌာနတွေ အကုန်ဘဲ အလုပ်ရပ်ပြီးလို့ ပြော တယ်။ အချိန်ဘယ်လောက် ရပ်လိုက်မလဲမသိဘူး။ ထူးလာရင်တော့ ပြန်ဆက်သွယ်မယ်လို့ ပြောတယ်။ ဒီလ လစာလဲမရတော့ဘူး ဘယ်တော့ပြန်ပေးမလဲမသိဘူး။”ဟု နို့ဖိုး ဒုက္ခသည်စခန်းမှ ကျမ်းမာ‌ရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယနေ့မနက်မှစ၍ နို့ဖိုးဒုက္ခသည်စခန်းအပါအဝင် အုန်းဖြန်ဒုက္ခသည်စခန်းနှင့် မယ်လဒုက္ခသည်စခန်းတွင်လည်း အလားတူ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆိုင်းငံထားကာ ဒုက္ခသည်စခန်းရှိလူနာများအတွက် ဆေးရုံ ကား မောင်းသည့် ထိုင်းနိုင်ငံသား IRC ဝန်ထမ်းများကိုလည်း အလုပ်ရပ်နားထားခြင်းရှိသည်ဟု ကေအိုင်စီ သတင်း ရင်းမြစ်များက ပြောသည်။

ထို့ကြောင့် ဆေးရုံကားမထွက်တော့သည့်အတွက် အုန်းဖန်ဆေးရုံသို့ ရက်ချိန်းသွားရမည့် လူနာအများအပြား လည်း ဆေးသွားရောက် ကုသခွင့် မရတော့ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အခု သက်ဆိုင်ရာတာဝန်ရှိသူတွေ ကျန်းမာရေး တာဝန် ရှိသူတွေ အစည်းအဝေး လုပ်နေတုန်းဘဲ။ ပြီးတော့လူနာဘယ်နှစ်ဦးရှိလဲ စာရင်းကောက်ခိုင်းတယ်။ အခုအကုန် ဆင်းခိုင်းလိုက်တယ်ပြီးတော့ ဆေးပစ္စည်းကရိယာတွေ အကုန်သိမ်းခိုင်းနေတယ်”ဟု ယနေ့ မွန်းလွဲပိုင်းတွင် ဆေးကုသမှု ရပ်ဆိုင်းသွားသည့် အခြေအနေကို ကေအိုင်စီသို့ ပြောသည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ ကျမ်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအပြင်၊ ကျမ်းမာရေး ဌာန လက် အောက်ရှိ အမှိုက်သိမ်းစနစ်လုပ်ငန်းများကိုပါ ဆိုင်းငံ့ထားလိုက်ပြီး ဖြစ်သည်ဟု ကရင်ဒုက္ခသည်များ ကော်မတီ- KRC က အတည်ပြုပြောသည်။

“IRCက ထောက်ပံ့မှုမရှိတော့လို့ သူတို့ လုပ်ငန်း ရပ်လိုက်တယ်လို့ ပြောတယ်။ ဒုက္ခသည်စခန်းမှာ ဆေးရုံမရှိရင် တော့မလွယ်ဘူး။ ရက်ပေါင်းဘယ်လောက် ပိတ်မလဲတော့ မသိရသေးဘူး။ ဘယ်လိုဆက်လုပ်ရမလဲ ကျနော်တို့ လည်း အစည်းအဝေးပြန်ထိုင်ရအုံးမယ်”ဟု ကရင်ဒုက္ခသည်များကော်မတီ KRCအတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

IRC သည် ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအပြင် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေး၊ သောက်သုံးရေရရှိရေးနှင့် စခန်း သန့်ရှင်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတ သက်တမ်းစတင် တာဝန်ထမ်းဆောင်သည့် ရက်ပိုင်း အတွင်း နိုင်ငံတကာ အကူအညီများရပ်ဆိုင်းရန် လက်မှတ်ထိုးအမိန့် ထုတ်လိုက်ပြီးနောက် လက်ရှိ အချိန်တွင် ထိုင်းမြန်မာနယ်စပ်ရှိ USAID လက်အောက် လူသားချင်းစာနာထောက်ထားမှုအကူအညီ လုပ်ငန်းအချို့ စတင် ရပ်နား ထားလိုက်ခြင်းရှိကြောင်း သိရသည်။