ဇန်နဝါရီ ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ ၂၀၂၄ ခုနှစ် လူငယ်ခေါင်းဆောင်ဆုကို ဖားအံခရိုင်အတွင်းရှိ အရေးပေါ် ထောက်ပံ့ရေးကော်မတီ (IDPs)မှ ပဒိုနော်ရှီးဝါး အား ပေးအပ်ချီးမြှင့်ကြောင်း ဖန်းဖောင်ဒေးရှင်းက ယနေ့ ( ဇန်နဝါရီလ ၂၇) တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယခုလို ဆုရရှိမည်ဟု တစ်ခါမျှမတွေးဖူးသလို ဆုကြေးများကို ပညာသင်ကြားရာ၌ ခက်ခဲနေသူ ကလေးများကို ပံ့ပိုး ကူညီသွားမည်ဟု ဆုချီးမြှင့်ခံရသူ ပဒိုနော်ရှီးဝါးက ကေအိုင်စီသို့ ပြောသည်။
ဖဒိုနော်ရှီဝါးသည် ဘားအံခရိုင်၏တစ်ဦးတည်းသော အမျိုးသမီးခေါင်းဆောင်နှင့် အသက်အငယ်ဆုံး အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် အရေးပေါ် ထောက်ပံ့ရေးကော်မတီ (IDPs) အတွက် အတွင်းရေးမှူး တာဝန်ယူထားသလို ရပ်ရွာအတွင်း ပါဝင်လုပ်ကိုင်ခဲ့သည့် လုပ်သက်မှာ ၁၂ နှစ်အထိရှိခဲ့ပြီ ဖြစ်သည်။
သူမသည် ရပ်ရွာလူထူစောင့်ရှောက်မှု အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နေသည့် လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် IDP များနှင့် အကူအညီလိုအပ်နေသူ အများအပြားကို ကယ်ဆယ်ရေး ထောက်ပံ့မှု ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖန်းဖောင်ဒေးရှင်း တည်ထောင်ခဲ့သူ ဒါရိုက်တာ နမ့်ဇိုယာဖန်းက “ ဖဒိုနော်ရှီဝါးဟာ အောက်ခြေလူထုရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပြီး သူတို့ရဲ့အသံကို ကြားနိုင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ ကြိုးစားလုပ်ဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တယ်။ သူမ၏ရဲစွမ်းသတ္တိနှင့် ကတိကဝတ်များကြောင့် သူမ၏အောင်မြင်မှုကို အသိအမှတ်ပြု ပံ့ပိုးပေး တာဟာ ထိုက်တန်ပါတယ်။ ဒီဆုနဲ့ အခြားခေါင်းဆောင်များမှတစ်ဆင့် ပြည်သူများအား ကူညီပေးနိုင်မည်ဟု မျှော်လင့်ပါတယ်” ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။
အဆိုပါဆုအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၄,၀၀၀ (လေးထောင်)ကိုလည်း ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်သည်။ ဆုပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို လာမည့် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
ဆုရရှိသည့်အပေါ် ပဒိုနော်ရှီးဝါးက “ဒီဖန်းဖောင်ဒေးရှင်းဆုကို ရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဝမ်းသာတယ်။ စိတ်လည်း လှုပ်ရှားတယ်။ ရှေ့ဆက်လည်း ကျမလုပ်ခဲ့သလို ကျမမှာ ရှိတဲ့ အစွမ်းအစတွေနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမယ်။ လူငယ်တွေကို မိမိမှာ ရှိတဲ့ အစွမ်းအစတွေနဲ့ တက်ကျွမ်းတဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်ဖို့ အဖို့အခကို ကြည့်တာမဟုတ်ပဲ လူမျိုးကို ချစ်တဲ့စိတ် ကူညီရိုင်းပင်းတဲ့စိတ်နဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်သွားစေချင်တယ်။ လူမျိုးရဲ့မျှော်လင့်ချက် လိုအပ်ချက်တွေ မပြည့်ဝသေးသ၍ လူမှုအဖွဲ့အစည်း လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ဖို့ ကျမတို့ အားလုံးမှာ တာဝန်ရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုမှ ဆုကြေးငွေအဖြစ် ပေးအပ်မည့် အမေရိကန်ဒေါ်လာ ၄,၀၀၀ ကို ပဒိုနော်ရှီးဝါးအနေဖြင့် ကျောင်းဆက်တက်ရန် မိဘမတတ်နိုင်သည့် ကလေးများ၊ ဘော်ဒါဆောင်စရိတ် မတတ် နိုင်သည့် ကလေးများနှင့် ပညာသင်ဆုစရိတ်ဖြင့် ကျောင်းတက်နေရသော ကလေးများအတွက် ၎င်းဆုကြေးငွေဖြင့် ပြန်လည်ပြီး ဝိုင်းဝန်းထောက်ပံ့မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်တည်တံ့ရေး နှင့် စာပေယဉ်ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦးဆောင်လှုပ်ရှား ဆောင်ရွက် နေသည့် အသက် ၃၅ နှစ်အောက် မည်သည့်လူငယ်မဆို Phan Foundation မှ နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခုလည်းဖြစ်သည်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အမည်မသိ သေနတ် သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရသော KNU-အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ ဇနီးဖြစ်သူ နမ့်ကျင်ရွှေတို့အား ဂုဏ်ပြုသည့်အနေဖြင့် ကျန်ရစ်သူ သားသမီးများ ဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် စတင်ပေးအပ်ကာ ယခု ၂၀၂၄ ခုနှစ်ဆိုလျှင် (၁၇) ဦးမြောက်ရှိနေပြီးဖြစ်သည်။



















