Home သတင်း မောင်နွဲ့ကြီးရွာ၌ သတိပေးခံရသည့်ကြားမှ စခန်းအခိုင်အမာဆောက်ရန် စစ်ကောင်စီ ပြင်ဆင်နေ

မောင်နွဲ့ကြီးရွာ၌ သတိပေးခံရသည့်ကြားမှ စခန်းအခိုင်အမာဆောက်ရန် စစ်ကောင်စီ ပြင်ဆင်နေ

609
Photo: KHRG

ဒီဇင်ဘာ ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ မောင်နွဲ့ကြီးကျေးရွာတွင် ယာယီတည် ဆောက်ထားသည့် တပ်စခန်းကို အခိုင်အမာ ထပ်တိုးမဆောက်ရန် တောလှန်ရေးတပ်ဖွဲ့ဘက်က သတိပေးခဲ့သော်လည်း စစ်ကောင်စီ က စခန်းအခိုင်အမာဆောက်ရန် ဆက်ပြင်ဆင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ မောင်နွဲ့ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီယာယီတပ်စခန်းကို အဆင့်မြှင့်ကာ အခိုင်အမာတပ် စခန်း ဆောက်လုပ်ရန် ပြင်ဆင်နေမှုအပေါ် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များက ယခင်လကတည်းက သတိပေးပြောဆိုခဲ့သည်။

သို့သော် စစ်ကောင်စီဘက်က လက်မခံဘဲ ဆက်လက်ဆောက်လုပ်ရန် ပြင်ဆင်မှုများရှိနေသည်ဟု တော်လှန်ရေး အင်အားစုများနှင့် နီးစပ်သူဒေသခံက ယခုလိုပြောသည်။

“အဲဒီနေရာက အတည်တကျနေရမယ့်နေရာ မဟုတ်ဘူး။ ယာယီ၊ ဒါပေမဲ့ သူတို့(စစ်ကောင်စီ)က အခိုင်အမာ ဆောက်မှာ ကိုသိတော့ ကေအဲန်ယူဘက်က သတိလာပေးထားတာရှိတယ်။ အဲဒါကို နားမထောင်ဘဲနဲ့ သဲသွား ကျုံးပြီးတော့ စေတီဆောက်မယ်၊ ဘုရားဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ့်ခံတပ်လို ဆောက်ဖို့ လုပ်နေကြတာ” ဟု ၎င်းဒေသခံက ပြောသည်။

တပ်စခန်းဆက်လက်ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလ၂ ရက်နေ့က မောင်နွဲ့ကြီးရွာ စစ်ကောင်စီတပ်စခန်းရှိ တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရသည်ဟု ရွာခံများကကြားသိထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။

ထို့အပြင် ထိုသို့ ဖမ်းဆီးခံလိုက်ရသည့် ကိစ္စကြောင့် မောင်နွဲ့ကြီးရွာစစ်ကောင်စီတပ်က ကျေးရွာတာဝန်ရှိသူနှင့် ရွာခံများကို ခြိမ်းခြောက်ပြောဆိုသဖြင့် မောင်နွဲ့ကြီးရွာလုံးကျွတ် နေရပ်စွန့်ခွာရှောင်တိမ်းခဲ့ရသော်လည်း လက်ရှိတွင် နေရပ်ပြန်နေထိုင်ကြပြီးဖြစ်သည်ဟု သံတောင်ကြီးမြို့ခံတချို့က ဆိုသည်။

“သံတောင်မှာလာရှောင်နေတဲ့သူတွေကတော့ အိမ်ပြန်ကြပြီ။ စခန်းဆောက်တာလည်း ရွာကြောင့်တော့ မဟုတ်ဘူး။ သူတို့အတွက်လမ်းကြောင်းအဆင်ပြေလို့နေဖို့လုပ်တဲ့သဘော။ သူတို့ဘက်ကသာမမှားဘူးဆိုရင် တော့ ဟိုရက်က ခြိမ်းခြောက်ထားသလို ပစ်ရင်လည်းပစ်မှာပဲ ပြောလို့မရဘူး” မြို့ခံတစ်ဦးက ပြောသည်။

မောင်နွဲ့ကြီးရွာတာဝန်ရှိသူမှတဆင့် စစ်ကောင်စီက ၎င်းတို့သံသယရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များထံသို့ ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား ပြန်လွှတ်ပေးရန်၊ ပြန်မလွတ်ပါက ရွာသို့လက်နက်ကြီးချိန်ရွယ် ပစ်ခတ်မည်ဟု ပြောဆိုသည့်အတွက် ရွာနေလူထုရာနှင့်ချီမှာ နိုဝင်ဘာလဆန်းပိုင်းတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

သံတောင်ကြီးမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) အုပ်ချုပ်မှုနယ်မြေ အတွင်းရှိပြီး ကေအဲန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင် များအပြင် မဟာမိတ်တော်လှန်ရေးအင်အားစုများလည်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် နယ်မြေ ဖြစ်သည်။