Home သတင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီအင်အားဖြည့်ဆည်းမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း MSRF ပြော

ရေဖြူမြို့နယ်တွင် စစ်ကောင်စီအင်အားဖြည့်ဆည်းမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း MSRF ပြော

787
Photo: MSRF

ဇွန်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မျောက်ချောကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာသို့ အင်အားထောင်နှင့်ချီသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းမှု ဆက်တိုက်လုပ်ဆောင် လာနေကြောင်း မွန်ပြည်တော်လှန်ရေးတပ်-MSRF ပြောခွင့်ရ နိုင်နဂါးက ပြောသည်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိနေသည့် ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးတွင် ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အင်အား(၃၀)ကျော် သေဆုံးခဲ့သောကြောင့် စစ်ကောင်စီက ယခုလို အင်အားရာနှင့်ချီ ဖြည့်တင်းမှုများကို ဆက်တိုက်လုပ် ဆောင်လာခြင်းဖြစ်ကြောင်း နိုင်နဂါးက ယခုလို ပြောသည်။

“ကျနော်တို့ရားဖူးကျေးရွာအုပ်စုဘက်က သဲချောင်းတို့ သင်္ကန်းညီနောင်တို့ဘက်မှာ အဲ့လိုဒေသတွေ ဘက်မှာလည်း အင်အားတွေ ထပ်ဖြည့်ထားတယ်။ နောက်ပြီးတော့ ဒီပင်လယ်ပိုင်းနဲ့ နီးတဲ့ ဆင့်ကူးရွာ၊ မင်းသားရွာ၊ ဆင်စွယ်ရွာ၊ စိန်ပုံကျေးရွာအဲ့ဒီဘက်မှာလည်း သူတို့အင်အားတွေ အများကြီး ထပ်ဖြည့်ထားတယ်။ ဒါတွေအား လုံးကို ကျနော်တို့ သတင်းနဲ့ စစ်တမ်းကောင်ယူတဲ့အခါ အင်အား (၂၀၀၀) အထက်မှာ သူတို့ထပ်မံတိုးချဲ့ ပြီးတော့ ချထားတာရှိတယ်။ သူတို့ရဲ့လုပ်ရပ်က သာမန်စစ်ဆင်ရေးမဟုတ်ဘဲ အထူးအရေးကြီးတဲ့ စစ်ဆင်ရေးတစ်ရပ်လို့ ဆောင်ရွက်နေတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

Photo: MSRF

အဆိုပါ စစ်ကောင်စီဘက်မှ တပ်အင်အား ထပ်မံဖြည့်တင်းပြီး စစ်ကြောင်း ထပ်ထိုးနိုင်ရန် ပြင်ဆင်မှုများ လုပ် ဆောင်လျက်ရှိသော်လည်း ဇွန်လ(၁၉) ရက်နေ့ နောက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးဘဲ နှစ်ဖက် စစ်ရေးတင်းမာသည့် အခြေအနေတွင် ရှိနေကြောင်း နိုင်နဂါးက ဆက်ပြောသည်။

ထို့အပြင် အမှတ်(၈)ပြည်ထောင်စု လမ်းမကြီးသည် အာဏာသိမ်း စစ်အုပ်စုများအတွက် ရွှေလုပ် ကွက်များ အပြင် ထိုင်း၊ ရှရှား၊ မြန်မာ သုံးနိုင်ငံ မိတ်ဖက်လုပ်ဆောင်လျက်ရှိသည့် ထားဝယ်ရေ နက်ဆိပ်ကမ်းအားအဓိက အသုံးပြုသည့် လမ်းကြောင်းဖြစ်သည့်အပြင် အဆိုပါ လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များမှထိန်းချုပ် လိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းလမ်းမကြီးကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုကြောင့် မျောက်ချောကျေးရွာအနီးတဝိုက်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အဆိုပါ စစ်ဘေးရှောင်များအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC မှ လည်း စစ်ဘေးရှောင်များအား ကူညီပေးနိုင်ရန် အခြေခံ အစားအသောက် ပစ္စည်းကအစ ပြင်ဆင်လျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။