Home သတင်း စစ်ကောင်စီ ၏ လက်နက်ကြီး ကျည်စထိမှန်၍ အမျိုးသမီး(၁)ဦး သေဆုံး၊ ကလေးငယ်အပါအဝင် (၂) ဦးထိခိုက်ဒဏ်ရာရရှိ

စစ်ကောင်စီ ၏ လက်နက်ကြီး ကျည်စထိမှန်၍ အမျိုးသမီး(၁)ဦး သေဆုံး၊ ကလေးငယ်အပါအဝင် (၂) ဦးထိခိုက်ဒဏ်ရာရရှိ

677
Photo: KPSN

ဇွန်လ၂၈ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အခိုင်ကျေးရွာတွင် ဇွန်လ(၂၅) ရက်နေ့က စစ်ကောင်စီ ၏ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီး(၁)ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီအမြောက်တပ်(အမတ-၃၁၀)မှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ‌ကြောင့် အခိုင်ကျေးရွာရှိ ကျေးရွာနေပြည်သူ၏ နေအိမ်အရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယခုလို အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

၎င်းက “အခိုင်ကျေးရွာ ဦးဆန်းဝင်းရဲ့ နေအိမ်ရှေ့ဗုံးကျရောက်ပေါက်ကွဲပြီး သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရ တာတွေ ရှိခဲ့ပါတယ်။ မလှယမင်း အသက်(၂၀) ဘယ်ရင်ဘတ်အုံ ထိမှန်သေဆုံးတယ်။ မောင်ဝင်းဆန်း အသက် (၃၅)နှစ် ခြေမျက်စိထိမှန် (မစိုးရိမ်ရ)၊ မဖြူစင်မိုး အသက်(၉)နှစ် ညာဘက်ဒူးဆစ်ထိမှန် မစိုးရိမ်ရပါဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိသွားသည့် ဒေသခံများအနေဖြင့်လည်း နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုများ ခံယူနေရကြောင်းလည်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ဇွန်လ(၂၁)ရက်နေ့တွင်လည်း အဆိုပါစစ်ကောင်စီ အမြောက်တပ် (အမတ-၃၁၀)တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာတောင်ကျောင်း ဘုန်းကြီးကျောင်း ဝန်းအတွင်း ကျရောက်ပေါက်ကွဲ၍ ကျောင်းထိုင်ဆရာတော်(၁)ပါး၊ ဦးဇင်း(၁)ပါး အပါအဝင် အသက်ကြီးပိုင်း ဒေသခံ အမျိုးသမီး(၁)ဦး နှင့် အမျိုးသား(၁)ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခု နှစ်အတွင်း ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင်စီမှ မြေပြင်စစ် ကြောင်းထိုးဝင်ရောက်ခြင်း ကျေးရွာများတွင်တပ်စွဲနေထိုင်ပြီး အရပ်သားပြည်သူများရှိရာဒေသများသို့ လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံ အများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသ လို သထုံခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ (၁၀,၀၀၀)ကျော်ရှိ လာကြောင်း ဒူးသထူ(သထုံ)ခရိုင်မှ ဇွန်လ(၂၆)ရက် နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။