Home သတင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီမှ VPN သုံးစွဲသူများကို စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာ

တနင်္သာရီတိုင်းတွင် စစ်ကောင်စီမှ VPN သုံးစွဲသူများကို စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာ

516

ဇွန်လ (၁၈) ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် (Virtual Private Network-VPN) အသုံးပြုသူများကို စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မြိတ်မြို့နယ် နှင့် ကျန်အခြား မြို့နယ် အချို့ တွင် ယခုဇွန်လ ပထမအပတ်မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများ နှင့် စစ်ကောင်စီ တပ်သားများပူးပေါင်းကာ လမ်းသွားလမ်းလာများကို VPN သုံးစွဲမှု ရှိ၊မရှိ စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြောင်း ထားဝယ်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“မြန်မာပြည်က Facebook သုံးရင် VPN ခံပြီးသုံးရတယ်။ အဲ့တာနဲ့ စစ်တပ်က သူတို့ကိုယ်ပိုင် VPN တစ်ခု ထုတ် တယ်။ အဲ့တာကို တော်လှန်ရေးလုပ်တဲ့ အဖွဲ့တွေက Report ဝိုင်းလုပ်တော့ အဲ့ app က ပျက်ကျသွားတယ်။ အဲ့ကနေစပြီးမကြာဘူး စစ်တပ်ကဖုန်းတွေထဲမှာ စပြီး စစ်တော့တာဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးနောက်ပိုင်း သတင်းအမှောင်ချရန် ကြိုးပမ်းမှုအနေဖြင့် သတင်းမီဒီယာ ဌာနနှင့် သတင်းထောက်များကိုဖမ်းဆီးမှုများအပြင် ပြည်တွင်း၌ Facebook လူမှုစာမျက်နှာများ အသုံး ပြုနိုင် ခြင်းမရှိရန် အင်တာနက် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူများအနေဖြင့် VPN Application များကို ကြားခံအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုနေကြရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ဖုန်းအတွင်းရှိ VPN စစ်ဆေးမှုများကို လမ်းဆုံလမ်းဂွများ နှင့် လူသွား လူလာများသည့် နေရာများသာမက စစ်ကောင်စီဂိတ်များတွင်ပါ စစ်ဆေးမှုများလုပ်ဆောင်နေပြီး လက်ကိုင်ဖုန်း အတွင်း VPN Application ကိုတွေ့ရှိပါက ဒဏ်ကြေးငွေအဖြစ် ငွေညစ်တောင်းခံမှုများလည်း ရှိနေကြောင်း သရက်ချောင်းမြို့ရှိ ဒေသခံတစ်ဦးက ဆိုသည်။

“ပြည်သူတွေကို သတင်းအမှောင်ချချင်တဲ့ သဘောကို သက်ရောက်တယ်။ နိုင်ငံက ရစရာကိုမရှိတော့တဲ့ အခြေ အနေပေါ့။ ဒဏ်ကြေးက တောင်းသလောက်ပေးရတယ်။ တစ်သိန်းကနေ နှစ်သိန်းထိ အများဆုံးဘဲလို့ ကြားရ တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ် လူမှုကွန်ယက် သုံးစွဲသူ သန်း ၂၀ ခန့်ရှိပြီး စစ်ကောင်စီက ယခုနှစ် မေလ ၃၀ ရက်နေ့ကစ၍ နိုင်ငံအတွင်း VPN သုံးစွဲမှုကို ပိတ်ပင်မှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းအစား Myspace Application ကို အစားထိုး အသုံးပြုရန် စစ်ကောင်စီက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိကြောင်း သိရသည်။