ဇွန်လ (၁၈) ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် လျှပ်စစ်ဓာတ်အားအပြင် ထိုင်းဘက်ခြမ်းမှ ပေးထားသည့် အင်တာနက်လိုင်း များ ယခုလ ၁၃ရက်နေ့ကစ၍ ဖြတ်တောက်လိုက်ခြင်းကြောင့် မြ၀တီမြို့ခံလူထုများအနေဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု ငွေလွှဲလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
မြို့ခံများထဲမှ ငွေလွှဲ နှင့် ခရီးသည်ဝန်ဆောင်မှု ပြုလုပ်နေသူများအနေဖြင့် ဆက်သွယ်ရေးလိုင်း ပြတ်တောက် နေမှုကြောင့် လုပ်ငန်းများ နှောင့်နှေးနေရပြီး လိုင်းရနိုင်သည့် နေရာတချို့နှင့် ထိုင်းနိုင်ငံ မဲဆောက် ဘက်ကမ်းသို့ ကူးကာ အလုပ်များကို သွားရောက်လုပ်ကိုင်နေရသည်ဟု ငွေလွှဲလုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ငွေလွှဲလုပ်တာဆိုတော့ တစ်ဖက်လူက ငွေပို့လာပြီးဆိုရင် စစ်ရတယ် ရောက်လား မရောက်လား။ အခုက အဲ့လိုကြည့်ဖို့ ရှင်းပြဖို့ကလည်းလိုင်းမရဘူး။ ပြီးတော့ငွေစျေးက မိနစ်နှင့် အမျှပြောင်းတော့ စျေးကြည့် လို့မရပြန်ဘူး။ သူများကငွေမလွှဲခင်ဖုန်းကြိုဆက်တယ်။ အစ်မရေ လွှဲလိုက်ပြီးနော်ဆိုရင် ခဏနေ ထပ်ဆက်မရ တော့ဘူး။ အဲ့ဒါကြောင့် မဲဆောက်တက်ပြီးတော့ လုပ်ရမဲ့ အလုပ်တွေကို လာလုပ်ရတယ်။
အရင်တုန်းကတော့ Dtac ရသေးတယ်။ ချိတ်ဆက်မှတွေရော လုပ်ရတာရော ဘာမှအဆင်မပြေတော့ဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။
အင်တာနက်လိုင်းများကို ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်လိုက်ခြင်းဖြစ်သလို မြန်မာဆင်းကဒ် နှင့် အင်တာနက် လိုင်းများလည်း ဖြတ်တောက်ခံထားရပြီး မြို့ခံ ပြည်သူများက ထိုင်းနိုင်ငံ နှင့်နီးစပ်သည့် သောင်ရင်းမြစ်ကမ်း နံဘေးတွင် ထိုင်းဆင်းကဒ်များဖြင့် အင်တာနက် သွားရောက် သုံးစွဲနေရကြောင်းလည်း မြို့ခံများကဆိုသည်။

မြဝတီမြို့နည်းတူ အခြားသော ကော့ကရိတ်၊ ကျုံဒိုး စသည့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများတွင်လည်း အင်တာနက်လိုင်းခက်ခဲမှုများရှိနေပြီး ဒေသခံများအနေဖြင့်လုပ်ငန်းအဆင်မပြေမှုများရှိနေကြောင်း ပြောဆိုကြ သည်။
အဆိုပါ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ တရုတ်နိုင်ငံသားများနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အစည်းများ ပူးပေါင်းလုပ်ဆောင်နေသည့် ကာဆီနိုလောင်းကစာရုံများနှင့် အွန်လိုင်းငွေလိမ် လုပ်ငန်းများကို ပစ်မှတ်ထား၍ ထိုင်းအစိုးရဘက်က ဖုန်းလိုင်း၊ အင်တာနက်လိုင်း အပြင် လျှပ်စစ်မီးပေးပို့မှုများကိုပါ ဖြတ်တောက်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။
အလားတူ မြန်မာပြည်တွင်း၌ (Virtual Private Network-VPN) အသုံးပြုမှုကို ယခုနှစ်မေလကုန်က စတင်ပိတ် ပင်လိုက်ပြီး သုံးစွဲသူများကိုလည်း စစ်ဆေးတွေ့ရှိပါက စစ်ကောင်စီတပ်က ဖမ်းဆီး အရေးယူ ငွေညစ်တောင်းခံ မှုများ ပြုလုပ်လာနေကြောင်းလည်း ဒေသခံလူထုများက ဆိုသည်။



















