ဩဂုတ်လ(၆)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ကောင်စီနှင့်တော်လှန်ရေး အင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးမှုရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRGကဆိုသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်နယ်မြေများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ် ခတ်မှုများကြောင့် စာသင်ကျောင်းများ ပျက်စီးမှုများရှိနေသလို ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေ ရပြီး စစ်ဘေးရှောင်နေရသည့် နေရာများတွင်လည်း အကူအညီအထောက်အပံ့များ အပြည့်အဝ မရရှိကြ သောကြောင့် ကျောင်းနေအရွယ်ကလေးများ ပညာဆက်လက်သင်ယူနိုင်ခွင့် အလှမ်းဝေးနေကြောင်း KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက ယခုလိုပြောသည်။
၎င်းက “တောတွေ တောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ကလေးတွေဆိုရင် သင်ကြားပေးမယ့်ဆရာမရှိတာတို့ သင်ထောက်ကူပစ္စည်းမရှိတာတို့ စတဲ့ လိုအပ်ချက်တွေရှိတော့ ပညာဆက်သင်နိုင်ဖို့က အလှမ်းဝေး နေတာ ပေါ့” ဟု ကေအိုင်စီ သို့ပြောသည်။
ထိုသို့ စစ်ကောင်စီ၏ လေကြောင်း၊ မြေပြင် တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများပျက်စီးပြီး ကျောင်း သူကျောင်းသားများ ထိခိုက်သေဆုံးခြင်း၊ ပညာဆက်လက်မသင်ယူနိုင်ခြင်းများသည် ကျောင်းသား လူငယ် များ၏ အနာဂတ်အရေးကိုထိခိုက်စေသော ဆိုးရွားသည့်လူ့အခွင့် အရေးချိုး ဖောက်ခံရမှုများ ဖြစ်ကြောင်း လည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီက စစ်ရေးအရအသာစီးရနိုင်ရန် တိုက်ပွဲဖြစ်ပွား၍စစ်ဘေးရှောင်ရသော ဒေသခံများ ၏နေအိမ်များ၊ စာသင်ကျောင်းများအတွင်း တပ်စွဲနေထိုင်သဖြင့် ဒေသခံများ နေရပ်မပြန်နိုင်ကာလ ကြာရှည် လာသောအခါ စားဝတ်နေရေးခက်ခဲပြီး မိမိတို့သားသမီးများ ကျောင်းဆက်တက်နိုင်ရေး အခက်အခဲ ရှိ ကြောင်း သံတောင်ကြီးမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ရွာမှာစစ်တပ်ရှိနေလို့ ကျမတို့အိမ်မပြန်နိုင်တာကြာပြီ ကျမကတော့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ဖြေရှင်း ပြီး ကျမကလေးတွေကို ပညာရေးမနှောင့်နှေးအောင် ရောက်တဲ့အရပ်မှာ ကျောင်းဆက်တက်ခိုင်းတယ်။ ကျမတို့ရွာကစစ်ရှောင်လာတဲ့ ကလေးတွေထဲမှာ သုံးပုံ၁ပုံကျော်လောက်ပဲ ကျောင်းဆက်တက်နိုင်တာ။ ကျန်တဲ့ကလေးတွေဆို ငွေကြေးမတက်နိုင်လို့ ကျောင်းမတက်ရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများတွင် ကလေးငယ်များပါဝင်မှု များပြားပြီး စားဝတ်နေရေးအတွက်သာ ဦးစားပေးကူညီပံ့ပိုးမှုရှိသော်လည်း စစ်ရှောင်ကလေးများ၏ပညာရေးအတွက် အကူအညီရရှိမှုက နည်းပါးကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
ထို့အတူ စစ်အုပ်ချုပ်မှုနောက်ပိုင်းတွင် မြန်မာအစိုးရကျောင်းများမှ ကေအဲန်ယူ-ကရင်အမျိုး သားအစည်း အရုံး၏ ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD ကျောင်းများသို့ပြောင်းရွှေ့ ပညာသင်ယူလာကြသော ကျောင်းသားဦးရေ ပိုမိုများပြားလာသလို နယ်မြေမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်း စာသင် ကျောင်းနှင့် ဒုက္ခသည်စခန်းများသို့ ယခုပညာသင်နှစ်အတွင်း ပြောင်းရွှေ့သွားသော ကျောင်းသားအချို့ ရှိ ကြောင်း KECD ကလည်း ပြောဆိုထားသည်။



















