ဩဂုတ်လ (၅) ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ စစ်တောင်းမြစ်တံတား အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်စခန်းတွင် သတ်မှတ်ဆန်အိတ်ထက် ပိုမိုတင်ဆောင်ဖြတ်သန်းသွားလာသောမော်တော်ယာဥ်များကို ကြုံသလို အခွန်ငွေ ကောက်ခံနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ထိုတံတားသို့ ဆန်အိတ်ရေ အများအပြားတင်ဆောင်၍ ဖြတ်သန်းလိုသော မော်တော်ယာဥ်များ သယ်ယူ ခွင့်ထောက်ခံစာလုပ်မှသာ ဖြတ်သန်းသွားလာခွင့်ရသလို ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကလည်း ဆန်သယ်ဆောင်လာသော ကားများအား ငွေကြေးအခွန်ခများ ကြုံသလိုကောက်ခံနေသည်ဟု ဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။
၎င်းက “သူတို့(စစ်ကောင်စီ) ကောက်တာ ဘယ်လောက်ရယ်လို့မဟုတ်ဘူး။ ပါးစပ်ထဲရှိတာ ပြောပြီး တောင်း တာ။ ထောက်ခံစာလုပ်ရတာက ဘယ်လောက်မှမကုန်ဘူးဆိုပေမယ့် လူတိုင်းကို အဲ့လောက်အိတ်အများ ကြီးသယ်ပြီး ဖြတ်ခွင့်ပေးမထားဘူး။ ထောက်ခံစာလည်း လူတိုင်းကို လုပ်ပေးတာမဟုတ်ဘူး။” ဟု သူက ကေအိုင်စီသို့ ယနေ့ပြောသည်။
အဆိုပါစစ်တောင်းတံတားသို့ ဖြတ်သန်းသွားလာသမျှ မော်တော်ယာဥ်များအားလုံး တံတားအရှေ့ဘက် ခြမ်းရှိ စစ်ကောင်စီတပ်ဂိတ်စခန်းတွင် ဖြတ်သန်းသွားလာခ ဂိတ်ကြေးပေးဆောင်ရသော်လည်း ထောက်ခံ စာဖြင့် ဆန်သယ်ဆောင်လာသောကားများအား ဆန်အိတ်အရေအတွက် များရင်များသလို ငွေကြေး ထပ်မံ ကောက်ခံခြင်းဖြစ်သည်ဟု အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် သံတောင်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းများတွင်လည်း အဝတ်အစားမှစ၍ ကလေးသူငယ် အသုံးအဆောင်အဆုံး သိမ်းယူခံရခြင်းများရှိနေပြီး အချို့မှာငွေပေး၍ ပြန်ရွေးယူနေရ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံစစ်ဘေးရှောင် ကူညီ ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူများလှူပေးတဲ့အဝတ်အစားတွေလည်း စစ်တပ်ဂိတ်စခန်းတစ်ခုမှာ စစ်ပြီးပြန်မပေးဘဲသိမ်းထားတာ လေး သောင်းနဲ့သွားပြန်ရွေးရတယ်။ အရင်တစ်ခေါက်ကလည်း ကလေးအနှီးတွေချည်းပဲ နှစ်သိန်းကျော်ဖိုး အကုန် အသိမ်းခံရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ စိုးမိုးရာနယ်မြေရှိ စစ်တပ်ဂိတ်စခန်းများတွင် စားနပ်ရိက္ခာ များ၊ ဆေးဝါးများ တင်ဆောင်ဖြတ်သန်းခွင့်ကို တားမြစ်ကန့်သတ်မှုများ ရှိနေသောကြောင့် ဒေသတွင်း ကုန် စည်စီးဆင်းမှုအဟန့်အတားဖြစ်စေသလို ကုန်ဈေးနှုန်းကြီးမြင့်၍ သွားလာရေးအခက်အခဲများကြောင့် စစ်ဘေးရှောင်များသို့ လုံလောက်သောအကူအညီပေးနိုင်ရေး စိန်ခေါ်မှုရှိကြောင်း စစ်ဘေးရှောင်ကူညီပေး နေသည့် အရပ် ဘက်အဖွဲ့များထံမှ သိရသည်။
ထိုသို့ စစ်ဘေးရှောင်များကို အကူအညီပေးရာတွင် အရပ်ဘက်အဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ လုံခြုံ ရေးခြိမ်းခြောက်ရေးမှုများကို တွေ့ကြုံ နေရသောကြောင့် စစ်ဘေးရှောင်များ အတွက်အကူ အညီပေးရာ တွင် နယ်စပ်ဖြတ်ကျော်၍ အကူအညီ ပေးခွင့်ရရန် မျှော်လင့်ကြောင်းလည်း နိုင်ငံတကာသို့ ထုတ်ပြန် တောင်းဆိုမှုများ ရှိသည်။



















