(မောင်ကျော်စွာ)
(၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်)
လွန်ခဲ့သော မေလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့သည့် “၂၀၁၅ ခုနှစ်၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်း အဝေး” ၌ ပြောကြားခဲ့သည့် ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် “တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ၊ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသောရန်သူ၊ တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ်ပေးနေသောရန်သူနှင့် တစ်ကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါးထုတ်လုပ်နေသော ရန်သူများကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း” စသဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။
သို့ပါ၍ ကာချုပ်က အမျိုးအစားခွဲခြား၍ ပြောကြားခဲ့သော “ရန်သူမျိုး သုံးပါး”နှင့်ပတ်သက်၍ အတိတ်၊ ပစ္စုပ္ပန် လက်တွေ့ဖြစ်ရပ်များဖြင့် ဆန်းစစ်လေ့လာကြည့်ကြပါစို့။ တစ်ခုခြင်းဆန်းစစ်မှု မစတင်မီ မေးခွန်းတစ်ခုတော့ မေးချင်ပါသည်။
သူ၏ ပြောကြားချက်တွင် ကာချုပ်က “၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ ၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်း အထိ တပ်မတော်အနေဖြင့် မှတ်တမ်းတင်ထားသည့် တိုက်ပွဲကြီး ၁၅၅၇ ပွဲ၊ တိုက်ပွဲငယ် ၁၆၅၇၁ ရှိခဲ့ပါကြောင်း” ပြောကြားခဲ့သည်။ ထိုတိုက်ပွဲကြီး/ တိုက်ပွဲငယ်များသည် ကာချုပ် ရည်ညွန်းပြောကြားခဲ့သည့် “ရန်သူမျိုး သုံးပါး”နှင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပါသလား။ ယခု (NCA) စာချုပ်အတွက် ဆွေးနွေးညှိနှိုင်းနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း အဆိုပါ “ရန်သူမျိုး သုံးပါး”တွင် ပါဝင်မှု ရှိပါသလား။
တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသော ရန်သူ
ထိုအမျိုးအစား ရန်သူနှင့်ပတ်သက်ပြီး နှစ်မျိုးစဉ်းစားနိုင်ပါသည်။ ပထမအမျိုးအစားမှာ တိုင်းပြည်၏ လွတ်လပ်ရေးကို ထိပါးသော ပြည်ပမှ မိမိတို့တိုင်းပြည်အား ကျူးကျော်ရန်စ တိုက်ခိုက်သော ရန်သူဟူ၍ ယူဆနိုင်ပြီး၊ ဒုတိယအမျိုးအစားမှာ “အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်” ဟူသော သဘောတရားအရဆိုလျှင် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသူများထံမှ တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မလုယူသိမ်း ပိုက်သောရန်သူ ဟူ၍လည်း ယူဆနိုင်မည်ဖြစ်ပါသည်။
၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ယနေ့အထိ ပြည်ပမှ ကျူးကျော်ဝင်ရောက်စွက်ဖက်လာခဲ့ဖူးသော ရန်သူမှာ ဖော်မိုဆာသို့ ပြေးရသော ချန်ကေရှိတ်၏ ကူမင်တန်တရုတ်ဖြူ(KMT)တပ်များကိစ္စအပ အခြားမရှိချေ။ ထိုစဉ်က ကူမင်တန်ကျူးကျော်မှုကို (ဖဆပလ)အစိုးရသည် မှီခိုနေရသောအမေရိကန်၏ ငြိုငြင်မှုကို ကြောက်၍ တိတိလင်းလင်းမပြောရဲခဲ့သည့် အထောက်အထား မှတ်တမ်းတွေရှိခဲ့သည်။ (ဖဆပလ)၏ ပြည်တော်သာစီမံကိန်းသည် အမေရိကန်ကို မှီခို၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သလို ကူမင်တန်တရုတ်ဖြူများ၏ ကျူးကျော်မှု၌လည်း အမေရိကန်အစိုးရက အားပေးကူညီခဲ့ခြင်းဖြစ်လေသည်။
ကူမင်တန်ကျူးကျော်သူများကို တကယ်တမ်း ရွပ်ရွပ်ချွံချွံ ဦးစီးတိုက်ခဲ့သူမှာ ဗိုလ်မှူးချုပ်ကျော်ဇောသာဖြစ်သည်။ ယနေ့ (NLD)ပါတီ နာယကကြီး ဦးတင်ဦးနာမည်ရှေ့က (သူရဘွဲ့)မှာ တရုတ်ဖြူကျူးကျော်သူများကို တိုက်၍ ရရှိခဲ့သော သူရဘွဲ့ဖြစ်ပါသည်။ အခြားသူရများကဲ့သို့တိုင်းရင်းသားအချင်းချင်းတိုက်၍ အရှင့်အမှုတော်ကို မိုက်မိုက်ကန်းကန်းလုပ်ဝံ့၍ ရရှိခဲ့သော အခြားသသော “သူရ” များနှင့် အနှစ်သာရခြင်း လွန်စွာခြားနားပါသည်။ ဤသို့ဆိုလျှင် လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းတွင် တိုင်းပြည်၏အချုပ်အခြာအာဏာကိုထိပါးသော ရန်သူဟူ၍ ကူမင်တန်တရုတ်ဖြူ (KMT) များကိုသာ လက်ညှိုးထိုးပြနိုင်ပါလိမ့်မည်။ တရုတ်ဖြူကူမင်တန်က လည်း ရှမ်းပြည်နယ်ကိုသာ အဓိကထား၍ ကျူးကျော်အခြေချခဲ့ခြင်းဖြစ်ပြီး ကူမင်တန်တရုတ်ဖြူများ၏ အဓိက ရည်ရွယ်ချက်မှာလည်း မြန်မာနိုင်ငံမဟုတ် တရုတ်ပြည်ယူနန်နယ်ကို ထိပါးရန်သာဖြစ်ပြီး မြန်မာ့မြေကို ခြေကုပ်စခန်းထောက်အဖြစ်၊ နင်းခုံအဖြစ် အသုံးချခြင်းသာဖြစ်သည်။
“အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်” ဟူသော သဘောတရားဖြင့် ဆန်းစစ်ကြည့်ကြ ပါဦးစို့။ အဖြူရောင်အကျင်္ီပေါ်သို့ စွန်းထင်းနေသည့် ညစ်ထေးထေးအမည်းရောင် အကွက်ကြီး နှစ်ကွက်ကဲ့သို့ ထင်ရှားလှသည့် ဖြစ်ရပ်ကြီးနှစ်ခုကို လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းကာလတွင် အကျည်းတန် အရုပ်ဆိုးစွာ တွေ့ရပါသည်။ ပထမဖြစ်ရပ်မှာ ၁၉၆၂ မတ်လ ၂ ရက်နေ့၌ ကျူးလွန်ခဲ့သောဖြစ်ရပ်ဖြစ်ပြီး၊ ဒုတိယ တစ်ခုမှာ ၁၉၉ဝ ပြည့်နှစ်က ကျူးလွန်ခဲ့သော ဖြစ်ရပ်များပင်ဖြစ်ပါသည်။ ရွေးကောက်ပွဲဖြင့် အနိုင်ရခဲ့သော သန့်ရှင်းဖဆပလ သို့မဟုတ် (ပထစ) အစိုးရထံမှ အချုပ်အခြာအာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါသည်။ အာဏာသိမ်းစစ်ဗိုလ်တစ်စုသည် အာဏာသိမ်းရုံ၊ အစိုးရအဖွဲ့ကို ဖမ်းဆီးထောင်ချရုံမျှမက လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ဦးစီးပြီး ရေးဆွဲခဲ့ကြသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇)ကိုပါ ဖျက်ဆီးပစ်ခဲ့ကြသည်။
ဒုတိယဖြစ်ရပ်မှာ ၁၉၉ဝ မေလ ၂၇ ရွေးကောက်ပွဲ၌ ပြည်သူလူထုတစ်ရပ်လုံးက မဲဆန္ဒပေး၍ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့သည့် ဖြစ်ရပ်ပင် ဖြစ်ပါသည်။ ပြည်သူ့ဆန္ဒနှင့် ပြည်သူ့ထံမှ ဆင်းသက်လာသောအာဏာကို ဖျက်ဆီးခြင်းဖြစ်ပါသည်။ ဖျက်ဆီးခဲ့ ကြသူများမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းဗိုလ်ချုပ်ကြီးနေဝင်း၏ သားမြေးများဖြစ်သော (နဝတ-နအဖ) စစ်အစိုးရပင်ဖြစ်ပါသည်။ (နဝတ-နအဖ) စစ်ဗိုလ်ချုုပ်ကြီးများသည် သူတို့ကျင်းပပေးခဲ့သော ရွေးကောက်ပွဲနှင့် သူတို့ပေးခဲ့ကြသော ကတိစကားများကိုပင် ထောက်ထားနိုင်ခြင်းမရှိတော့ပင် ဗြောင်အကျဆုံး ချိုးဖောက်ခဲ့တော့သည်။
ထိုဖြစ်ရပ်နှစ်ခုအပေါ်မှ ကြည့်လျှင် “တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသော ရန်သူ” ဆိုသည်မှာ အခြားမည်သူမျှ မဟုတ်၊ စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပြုလုပ်၍ အာဏာသိမ်းခဲ့သော လက်တစ်ဆုပ်စာ စစ်ဗိုလ်ချပ်များသာဖြစ်နေသည်ကို အလွန်ရှင်းလင်းထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့ ပြုမူခဲ့ကြသော စစ်ဗိုလ်ချုပ်တစ်စုသည် ယနေ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုသည်ကို စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မ အတည်ပြုကာ အုပ်စိုးနေပြန်ပါသည်။ “ဒို့တာဝန်အရေးသုံးပါး”ဟူ၍လည်း ကြွေးကြော် နေပြန်ပါသည်။ အာဏာကို သေနတ်ဖြင့်ရယူခဲ့ကြသူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) ကို စစ်ဖိနပ်ဖြင့် နင်းချေဖျက်ဆီးခဲ့ကြ သူများက “ဥပဒေ” စကား အမြှုပ်ထွက်အောင် ပြောနေကြပါတော့သည်။
တိုင်းပြည်၏သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ်ပေးနေသောရန်သူ
တစ်ကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါးထုတ်လုပ်နေသော ရန်သူ
အထက်ပါ အချက် နှစ်ချက်စလုံးကို အတူတွဲ၍ လေ့လာဆန်းစစ်ကြပါစို့။ (မဆလ) ခေတ်၌ တိုင်းပြည် သယံဇာတများကို ပြိုင်ဘက်မရှိ လက်ဝါးကြီးအုပ် ရောင်းထုတ်နိုင်သူမှာ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် (မဆလ) စစ်ဗိုလ်ချုပ်ကြီးများ တစ်သိုက်သာဖြစ်သည်။
တကယ်တော့ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်၌ လောက်လောက်လားလား ထုတ်ကုန်ဟူ၍ တိုးတက်မလာခဲ့ကြချေ။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများဖြစ်သော ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ၊သဘာဝဓါတ်ငွေ့၊ ကျောက်မြက်ရတနာများနှင့် ငါးပုဇွန်များကိုသာ ပြည်ပပို့၍ ရောင်းချခဲ့ကြခြင်းဖြစ်သည်။
လယ်သမားများမှာ “စပါးပြီး – စပါး” ဆိုသည့် နွံထဲ နွားကဲ့သို့ နစ်ခဲ့ရသောလည်း ဗိုလ်ချုပ်ကြီးနေဝင်းမှာမူ “မယားပြီး-မယား” ယူ၍ ဇိမ်ခံခဲ့သည်။ ပြည်ပထွက်၍ ဆေးကုသခံခဲ့သည်။ သို့ဖြင့် ၂၆ နှစ်ကြာသောအခါ လူလူချင်းသွေးစုပ်မှုကင်းမဲ့သော ဆိုရှယ်လစ်လူ့ဘောင်သို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် ချီတက်ခဲ့ရာ တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံ (LDC) သို့ ကျရောက်သွားခဲ့ရပါတော့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မိသားစုမှာမူ ကုဋေကြွသူဌေးကြီးတွေ ဖြစ်လာခဲ့သည်မှာ မြန်မာသိ၊ ကမ္ဘာသိ ဖြစ်ပါသည်။
(မဆလ) ခေတ်ပျက်ပြီးနောက် ပေါ်ထွက်လာသော (နဝတ-နအဖ) စစ်အစိုးရခေတ်၌မူ တိုင်းပြည်ပိုင် သယံဇာတများကို အစိုးရတစ်ဦးတည်း (မဆလ) ခေတ်မှာကဲ့သို့ မောင်ပိုင်းစီး၍ ခိုးထုတ်ကြသကဲ့သို့ (နဝတ-နအဖ)စစ်အစိုးရ၏ ငြိမ်းချမ်းရေးပေါ်လစီမှ ပေါ်ထွက်လာခဲ့သော “အထူးဒေသခေါင်းဆောင်များ” နှင့် လက်တွဲကာ တက်ညီလက်ညီ ခိုးထုတ်ခဲ့ကြသည်။ သို့ဖြင့် ကိုယ်တိုင်လည်း ခိုးထုတ်ရောင်းချသကဲ့သို့ ခိုးထုတ်သူများကိုလည်း ကူညီကာကွယ်ပေးခဲ့ကြလေသည်။
အရင်းစစ်လိုက်လျှင် “တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ်ပေးနေသော ရန်သူနှင့် တစ်ကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော ရန်သူ”မှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်က လူမဆန်စွာ အကြမ်းဖက်ခဲ့ပြီးနောက် (နဝတ-နအဖ) စစ်အစိုးရခေတ်၌ အုံနဲ့ကျင်းနဲ့ ပေါ်ပေါက်လာသော “ငြိမ်းချမ်းရေးပေါ်လစီ”၏ အသီးအပွင့်သာ ဖြစ်ပါသည်။
(နဝတ-နအဖ) စစ်အစိုးရကိုယ်တိုင် ဦးစီး၍ တိုင်းပြည်၏သယံဇာတမှန်သမျှ သူခိုးဈေးဖြင့် ရောင်းချခဲ့သည့် ခေတ်ဖြစ်ပါသည်။ နယ်စပ်အစွန်အဖျားမှ ဘိန်းဘုရင်-ဘိန်းရာဇာ – သောင်းကျန်းသူဟုဆိုခဲ့သူများကို မြို့ပေါ်သို့ ခေါ်တင်ကာ စိတ်ကြိုက်ရမ်းကားစေခဲ့ပြီး၊ အခြားတစ်ဖက်မှာတော့ ကျောင်းသားလူငယ်များ၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ကာ ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ခဲ့ပါသည်။
နိုင်ငံရေးဖိနှိပ်မှု၊ နိုင်ငံရေးအကြမ်းဖက်မှု အပြင်းထန်ဆုံး ခေတ်၊ လူ့အခွင့်အရေးအချိုးဖောက်ဆုံး ခေတ်၊ လွတ်လပ်စွာရေးသား ဖော်ပြမှုအဆိုးဝါးဆုံး ပိတ်ပင်ခံရသည့် ခေတ်၊ နိုင်ငံရေးအကျဉ်းသားအများဆုံးရှိသော ခေတ်၊ တိုင်းပြည်၏ လူငယ်၊ လူရွယ်များ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ခွာသွားရောက်မှု ပမာဏအများဆုံး ခေတ်၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်းယာ စားသောက်နှုန်း အမြင့်မားဆုံးခေတ်၊ ကင်ဆာ၊ သွေးတိုးရောဂါများ အဖြစ်အများဆုံး ခေတ်၊ ကုန်ဈေးနှုန်းအကြီးမားဆုံး ခေတ်၊ တိုင်းရင်းသူများ အဓမ္မပြုကျင့်ခံရမှုအများဆုံး ခေတ်ကို ပြသပါဆိုလျှင် (နဝတ-နအဖ)ခေတ်ကိုသာ လက်ညှိုးထိုးပြရမည် ဖြစ်ပါသည်။
သို့ပါ၍ သစ်တောများထုနှင့် ထည်နှင့်ပြုန်းတီး၍ ဘိန်း၊ ဘိန်းမည်း၊ ဘိန်းဖြူတင်သာမက စိတ်ကြွရူးသွပ်ဆေးပြား များ အဆမတန် ပေါများလာသည်မှာ (နဝတ-နအဖ) စစ်အစိုးရ “ ငြိမ်းချမ်းရေးပေါ်လစီ”၏ အထွက်ရလဒ်များ ပင်ဖြစ်သည်။ ထိုငြိမ်းချမ်းရေးခေတ်၌ ဘိန်းဘုရင် ခွန်ဆာကို (နဝတ-နအဖ) စစ်အစိုးရခေါင်းဆောင်များက “ဦးခွန်ဆာ”ဟုခေါ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ခွန်ဆာ၏ တပည့်တပန်းများ တိုင်းရင်းသားလုပ်ငန်းရှင် ဖြစ်လာကြသည့်ခေတ်ဖြစ်ပါသည်။ ငွေမည်းများ ငွေဖြူဖြစ်လာသည့် ခေတ်ဖြစ်ပါသည်။ တပ်မတော် စစ်ထောက်လှမ်းရေးသည် ခိုးထုတ်မှုမှန်သမျှကို ကာကွယ်ပေးခဲ့သည်သာမက ဒေသခံခိုးထုတ်သူများနှင့် အမြှီးစားဖက်၊ ခေါင်းစားဖက် လုပ်ခဲ့သည် မဟုတ်ပါလော။
(မဆလ) တစ်ပါတီအာဏာရှင်ခေတ်၌ ဆိုရှယ်လစ်မျက်နှာဖုံး၊ ပြည်သူပိုင်ဆိုင်းဘုတ်တတ်ပြီး ဆန်စပါး၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မြက်ရတနာများကို ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အပေါင်းပါ စစ်ဗိုလ်ချုပ် တစ်စုက လက်ဝါးကြီးအုပ် ချုပ်ကိုင်ခဲ့ပါသည်။
(နဝတ-နအဖ)စစ်အစိုးရခေတ်၌ “ငြိမ်းချမ်းရေးခေါင်းစဉ်”တပ်၍ တိုင်းပြည်ပိုင် ဆန်စပါး၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မြက်ရတနာအစရှိသော မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများကို အလုံးအရင်းလိုက် ခုတ်၊ တူး၊ ရောင်းချခဲ့ကြသည်သာဖြစ်ပါသည်။
သို့ဖြင့် တိုင်းပြည်နှင့်ပြည်သူများမှာ ဆင်းရဲတွင်း နက်သထက်နက်ခဲ့ရပြီး အာဏာရစစ်ဗိုလ်ချုပ်ကြီးတစ်စုမှာမူ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာလာခဲ့ပါတော့သည်။ ထို့အပြင် စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာလည်း တော်လှန်ရေးကောင်စီ ခေတ်၊ (မဆလ) ခေတ်၊ (နဝတ-နအဖ) စစ်စအစိုးရ ခေတ်၊ ၂၀၀၈ အခြေခံဥပဒေဖြင့် အုပ်စိုးနေပါသည် ဆိုသော ယနေ့ခေတ် ကာလအထိ မည်သည့်ခေတ်တွင် မျှမရှိခဲ့ဖူးသေးချေ။
အထက်ပါအချက်များသည် ၁၉၆၂ မှ ယနေ့အထိ စစ်တပ်မှ စစ်ဗိုလ်ချုပ်ကြီးတစ်စုတိုင်းပြည်အား အုပ်စိုးခဲ့သည့် နှစ်ပေါင်း (၅၀) ကျော်ကာလအတွင်း အထင်ရှားအပေါ်လွင်ဆုံး လက္ခဏာချက်များလည်း ဖြစ်ပါသည်။
သို့ပါ၍ ခြုံငုံသုံးသပ်ကြည့်လျှင် ကာချုပ်အမျိုးအစားခွဲပြခဲ့သည့် “ရန်သူမျိုးသုံးပါး”တွင် စစ်အစိုးရနှင့် စစ်တပ်ထဲမှ စစ်ဗိုလ်ချုပ်များ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပါဝင်ပတ်သက်ဆက်နွယ်နေ သည်ကို (၁၉၄၈ မှ ၂၀၁၅ ယနေ့အထိ ကာလအတွင်း) အထင်အရှားတွေ့မြင်နိုင်ပါသည်။
ညွန်း
– ၂၀၁၅ မေလ ၃၁ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ