ဇွန်လ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်မြို့၊ လှိုင်သာယာရှိ တိုးမြတ်အောင် ဇာပန်းထိုးစက်ရုံမှ မြန်မာအမျိုးသမီးအလုပ်သမား ၃ ဦးအား ကိုယ် ထိလက်ရောက် ကျူးလွန်ခဲ့သူ တရုတ်အမျိုးသား မစ္စတာချိုင်းကို ရဲစခန်းတွင် အမှုဖွင့်ထားရာ လျော်ကြေးပေး၍ ကျေအေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဆောင်ရွက်ပေးသူ မမြင့်မြင့်ဌေးက ပြောသည်။
“တစ်ယောက်ကို ၅ သိန်းပေးတယ်။ သူဌေး(အလုပ်ရှင်)နဲ့ သူတို့ ၃ ယောက် ညှိပြီး လုပ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့(ယခု ဇွန်လ ၂၂ရက်) ကတည်းကပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ မမြင့်မြင့်ဌေးအပါအဝင် အလုပ်သမားများအခွင့်အရေး ဆောင်ရွက်နေကြသော ခေါင်းဆောင် များသည် လှိုင်သာယာရဲစခန်းတွင် အမှုဖွင့်ထားရာ ထိုအမှုအတွက် ဝိုင်းဝန်းကူညီပေးကြရန် တောင်းဆိုနေချိန် တွင် ကျူးလွန်ခံရသော အမျိုးသမီးများကို ခေါ်ယူကာ အလုပ်ရှင်သူဌေးမှ လျော်ကြေးပေးခဲ့ခြင်းဖြစ်သည်။
“ကျမတို့ ကိုယ့်မြန်မာအမျိုးသမီးတွေကို စော်ကားတဲ့ ဒီတရုတ်အမျိုးသားကို မမြင်ချင်လို့ တိုင်ခဲ့ကြတာပါ။ အခု သူက အရင်လိုပေါ်တင်ကြီးမနေပေမယ့် သူ့ကို တစ်ခါတစ်ခါ တွေ့နေရပါတယ်။ ရဲစခန်းကလည်း တရုတ်သူဌေး နဲ့ဆက်သွယ်ပေးမယ်ပြောပြီး ကျမတို့ကို အကြောင်းမပြန်ဘဲ ခံရတဲ့ ၃ ဦးကိုဘဲ ခေါ်တွေ့ ညှိပေးခဲ့တာပါ။“ဟု မမြင့်မြင့်ဌေးက ဆက်ပြောသည်။
ထိုဇာပန်းထိုးစက်ရုံမှ ပါကင်ဝန်ထမ်းတဦးကလည်း “ဒီလိုသာဆို ကျမတို့ အလုပ်သမားတွေအတွက လုပ်ပေး နေတာတွေ အလကားဖြစ်သလိုဘဲ ဖြစ်နေပါတယ်။ ခံရတဲ့သူတွေကလည်း အချင်းချင်းတိုင်ပင် သင့်ပါတယ်။ သူဌေးတွေက ငွေပေးရင်ရတယ်ဆိုတဲ့အမြင်နဲ့ ဆက်လုပ်သွားမှာ စိုးတယ်။ ရဲစခန်းနဲ့ တရားရုံးကလည်း စည်းကမ်းရှိစေချင်ပါတယ်။”ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က အလုပ်သမားလစာတိုးပေးရေး ဆန္ဒပြတောင်းဆိုအပြီး ၂၃ ရက်နေ့တွင် မစိုးစိုးသန်း၊ မမြင့်မြင့်အေး နှင့် မဖြူဖြူတို့ ၃ ဦးသည် ဖယ်ရီကားပေါ်အတက်တွင် တရုတ်အမျိုးသားဖြစ်သူ မစ္စတာချိုင်းမှ သူမတို့၏ ရင်ဘတ်များကို တွန်းထုတ်၍ ပါးရိုက်ခဲ့သောကြောင့် ဦးဆောင်သူ အလုပ်သမား အဖွဲ့များက လှိုင်သာယာရဲစခန်းသို့ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။


















