Home ဆောင်းပါး လေယာဉ်သံကြားတိုင်း ထိတ်လန့်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝ

လေယာဉ်သံကြားတိုင်း ထိတ်လန့်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝ

23

လေယာဉ်သံကြားတိုင်း ထိတ်လန့်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝ

ချားချား (နိုဝင်ဘာ ၁၆၊ ၂၀၂၆)

အိမ်မှာ ထမင်းဟင်းချက်နေချိန်၊ မိသားစုနဲ့အတူ အနားယူနေချိန်၊ ညဘက် အိပ်စက်နေချိန်တွေမှာ တောင် လေယာဉ်သံကြားရင် ဘယ်နေရာကို ရှောင်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားနေရတဲ့ အမျိုးသမီး တွေအတွက် အိမ်ဆိုတာ အရင်လို စိတ်ချလုံခြုံရာနေရာတစ်ခု မဟုတ်တော့ပါဘူး။

အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ကော့ကရိတ်ဒေသက အမျိုးသမီးတချို့ဟာ မိမိတို့ရဲ့ နေ့စဉ်ဘဝကိုပင် စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေရပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အနီးမှာ နေထိုင်တဲ့ ဒေါ်ထွေးဆိုတဲ့ အသက် ၅၀ ကျော် အမျိုးသမီး အတွက်လည်း လုံခြုံရေးဆိုတာ အမြဲသတိထားနေရတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်ကစပြီး လေယာဉ်အန္တရာယ်ကို စိုးရိမ်နေရတဲ့ သူမဟာ အိမ်မှုကိစ္စတွေ လုပ်ကိုင်နေချိန်မှာတောင် လေယာဉ်သံကို နားစွင့်နေရတယ်လို့ ပြောပါတယ်။

“ချက်ပြုတ်နေရင်လည်း လေယာဉ်သံ နားစွင့်ရတယ်။ ဟင်းတွေဆိုလည်း စောစောချက်ပေါ့၊ အဲဒီကျတော့ အရေးအကြောင်းဆို ကိုယ်က မစားမသောက်ရနဲ့ ဘယ်ပြေးလို့ ပြေးရမှန်း မသိပေါ့နော်။ အဲ့လိုမျိုး အမြဲသတိနဲ့နေနေရတယ်။” လို့ ဒေါ်ထွေးက သူ့ရဲ့နေ့စဉ်အခြေအနေကို ပြောပြပါတယ်။

လေယာဉ်သံကြားတာနဲ့ အချိန်မရွေး ထွက်ပြေးရနိုင်တာကြောင့် အစားအသောက်တွေကိုလည်း စောစောချက်ပြုတ်ထားရပါတယ်။ တစ်ခါတလေ စားသောက်ဖို့ အချိန်မရဘဲ ရှောင်တိမ်း ရနိုင် တာကြောင့် အိမ်မှုကိစ္စတွေကိုတောင် အရင်လို ပုံမှန်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပါဘူး။ ညဘက် တွေမှာလည်း အိမ်ထဲက မီးရောင်ကို အပြင်က မမြင်ရအောင် ပိတ်ထားရပြီး တိတ်တဆိတ်နေထိုင်ကြရတယ်လို့ ဒေါ်ထွေးက ဆိုပါတယ်။

ဒီလိုအခြေအနေမှာ အမျိုးသမီးတွေအတွက် စိုးရိမ်ရတာက မိမိကိုယ်တိုင်ရဲ့ လုံခြုံရေးတစ်ခုတည်း မဟုတ်ပါဘူး။ မိသားစုဝင်တွေ ဘေးကင်းပါ့မလား၊ ကလေးငယ်တွေကို အချိန်မီ ခေါ်ထုတ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒေါ်ထွေးတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ အချို့မိသားစုတွေဟာ ထိုင်းဘက်ခြမ်းကို ရွှေ့ပြောင်းခဲ့ကြပြီး မရွှေ့ပြောင်းနိုင်သူတွေကတော့ မြစ်ကမ်းဘေးနဲ့ တောတောင်တွေထဲမှာ ယာယီတဲထိုးကာ နေထိုင်ခဲ့ကြ ရပါတယ်။

ဒေါ်ထွေးရဲ့ အတွေ့အကြုံဟာ နယ်စပ်တစ်ဝိုက်က အမျိုးသမီးတွေရဲ့ စိုးရိမ်မှုကို ဖော်ပြနေသလို ကော့က ရိတ်မြို့နယ်အတွင်း နေထိုင်တဲ့ အသက် (၄၀) ကျော် နော်ထူးရဲ့ အတွေ့အကြုံကလည်း အာဏာသိမ်း ပြီးနောက် ဒေသခံတွေရဲ့ လုံခြုံရေး ဘယ်လိုပြောင်းလဲလာခဲ့သလဲဆိုတာကို ပြသနေပါတယ်။

နော်ထူးက အာဏာမသိမ်းခင်က သူတို့ဒေသမှာ တိုက်ပွဲတွေမရှိသလောက်ဖြစ်ပြီး ရွာသူရွာသားတွေဟာ ရာဘာခြံလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အေးအေးချမ်းချမ်း လုပ်ကိုင်နိုင်ခဲ့ကြတယ်လို့ ပြောပါ တယ်။

“အာဏာမသိမ်းခင်ကတော့ ပြောရမယ်ဆိုရင် အနောတို့ရွာက အဲ့အချိန်တုန်းက ငြိမ်းချမ်းတယ်လို့ ပြောရမှာပေါ့နော်။ တိုက်ပွဲတွေ မရှိဘူး။ အဲ့မှာ ရွေးကောက်ပွဲတွေလုပ်တယ်။ မဲတွေထည့်ကြတယ်။ အဲ့လိုမျိုးပေါ့။ နောက်ပိုင်း ရွေးကောက်ပွဲစလာတော့ ပြောရမယ်ဆိုရင် ကရင်ပါတီတွေရှိတော့ မဲကတော့ သူတို့ဘာသာရွေးချယ်ပြီး ထည့်ကြတယ်။ အဲ့အချိန်တုန်းကတော့ လုံခြုံရေးအနေနဲ့တော့ လုံခြုံတယ်လို့ ပြောလို့ရမယ်။” လို့ နော်ထူးက အာဏာမသိမ်းခင်က အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။

အဲဒီအချိန်က ရွာသူရွာသားတွေဟာ စိုက်ပျိုးရေးနဲ့ ရာဘာခြံလုပ်ငန်းတွေကို လုပ်ကိုင်ရင်း နေထိုင်စား သောက်နိုင်ခဲ့ကြပေမဲ့ အာဏာသိမ်းပြီးနောက် ကော့ကရိတ်ဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ ဒေသခံတွေရဲ့ နေထိုင်မှုဘဝ ပြောင်းလဲလာခဲ့ပါတယ်။ နော်ထူးရဲ့မိခင်အိမ်ဟာ စာသင်ကျောင်းအနီးမှာ ရှိတာကြောင့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခါ မိခင်အတွက် အမြဲစိုးရိမ်နေရတယ်လို့ ပြောပါတယ်။

သူတို့ရွာမှာလည်း စာသင်ကျောင်းနဲ့ ဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တချို့မှာလည်း ဗုံးစထိမှန်မှုတွေ ရှိခဲ့တယ်လို့ နော်ထူးက ပြောပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားတာနဲ့အမျှ လူတွေရဲ့ကြောက်ရွံ့မှုတွေလည်း ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။

နော်ထူးရဲ့ ပြောပြချက်အရ ရွာထဲမှာ စစ်တပ်မရှိတော့တဲ့အချိန်၊ တိုက်ပွဲတွေ မဖြစ်တော့တဲ့ အချိန်မှာတောင် လေယာဉ်သံကြားရင် ဒေသခံတွေဟာ ချက်ချင်းသတိထားမိကြပါတယ်။

“လေယာဉ်သံကြားတာနဲ့ လူတွေက ခေါင်းထောင်ကြပြီ။ သတင်းတစ်ခုခု ထွက်လာတာနဲ့လည်း လေယာဉ်လာတော့မလား ဆိုတဲ့ စိုးရိမ်မှုက ပြန်လည်ပေါ်လာတတ်တယ်” လို့ သူက ဆိုပါတယ်။

နော်ထူးအတွက် ပိုပြီးစိုးရိမ်စရာက သူ့ရဲ့ ညီမဖြစ်သူ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေပါ။ ညီမဖြစ်သူဟာ ကလေးမွေးပြီးစအချိန်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပြီး မွေးကင်းစကလေးကို ချီကာ ဗုံးခိုကျင်းထဲ ဝင်ပြေးခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

“ညီမဆိုရင် လေယာဉ်သံကြားတာနဲ့ တုန်နေတော့တာ။ ကလေးမွေးခါစပဲရှိသေးတယ်၊ ကလေးကို ချီပြီး ဗုံးခိုကျင်းထဲ ဝင်ပြေးခဲ့ရတယ်” လို့ နော်ထူးက သူ့ညီမရဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ဒီလိုအတွေ့အကြုံတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ပဋိပက္ခအတွင်း ဘယ်လောက်ထိ ထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေကြသလဲဆိုတာကို ပြသနေပါတယ်။ အထူးသဖြင့် ကလေး ငယ်တွေကို စောင့်ရှောက်ရတဲ့ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေကို ပြုစုနေရတဲ့ အမျိုးသမီးတွေအတွက် အရေးပေါ် အခြေအနေမှာ မိမိကိုယ်ကို ကာကွယ်ဖို့တင်မကဘဲ မိသားစုဝင်တွေကိုပါ ဘေးလွတ်ရာ ရောက်အောင် ခေါ်ဆောင်ဖို့ တာဝန်ပိုများလာပါတယ်။ နေရပ်စွန့်ခွာရတဲ့အခါမှာလည်း နေထိုင်ရေး၊ စားသောက်ရေးနဲ့ ကလေးငယ်တွေကို စောင့်ရှောက်ရေးအခက်အခဲတွေကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ကြရပါတယ်။

သို့သော် အန္တရာယ်ရှိနေတဲ့ကြားမှာပဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ လိုအပ်နေဆဲပါ။ နော်ထူးက “ကြောက်တော့ ကြောက်ကြတာပေါ့၊ ဒါပေမဲ့ ဝမ်းရေးအတွက်တော့ သွားလာလုပ်စားရတာပဲ” လို့ ပြောပါတယ်။

အရင်က ပြည်တွင်းဈေးကွက်တွေကို သွားရောက်ရောင်းချနိုင်ခဲ့တဲ့ ဒေသထွက်ကုန်တွေကိုလည်း လုံခြုံရေးအခြေအနေကြောင့် အရင်လို သယ်ယူရောင်းချဖို့ မလွယ်ကူတော့ဘူးလို့ နော်ထူးက ဆိုပါတယ်။

ဒီအခြေအနေတွေဟာ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို စစ်ရေးတိုက်ခိုက်မှုအတွင်း အသက်အန္တရာယ် ကင်းဖို့ဆိုတဲ့ အဓိပ္ပာယ်တစ်ခုတည်းနဲ့ မမြင်သင့်ကြောင်း ပြသနေပါတယ်။ နေအိမ်မှာ စိတ်အေး လက်အေး နေထိုင်နိုင်ခြင်း၊ မိသားစုဝင်တွေကို စိတ်ချစွာစောင့်ရှောက်နိုင်ခြင်း၊ အလုပ်လုပ်ကိုင် စားသောက်နိုင်ခြင်းနဲ့ ကလေးတွေကို ပညာသင်ကြားခွင့်ရရှိစေခြင်းတို့ဟာလည်း အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အာဏာသိမ်းပြီးနောက် ဒီအခြေခံလုံခြုံမှုတွေဟာ ဒေသခံအမျိုးသမီးတွေအတွက် မသေချာတော့တဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။

နော်ထူးရဲ့ ကိုယ်တွေ့အတွေ့အကြုံဟာ ကော့ကရိတ်ဒေသတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ အခြေအနေတစ်ခုနဲ့လည်း ဆက်စပ်နေပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကရင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၂၂၇ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အရပ်သားအနည်းဆုံး ၁၆၈ ဦး သေဆုံးကာ ၂၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သို့သော် ယင်းကိန်းဂဏန်းများဟာ ကော့ကရိတ်မြို့နယ်တစ်ခုတည်းရဲ့ စာရင်းမဟုတ်ဘဲ KHRG သတ်မှတ်ထားတဲ့ ကရင်ဒေသတစ်ခုလုံးရဲ့ မှတ်တမ်းဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးမှုနဲ့ နေအိမ်၊ စာသင်ကျောင်းများ ပျက်စီးမှုများကို မှတ်တမ်းတင်ထားပါတယ်။

သို့သော် မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တွေကို ကြည့်ရင် လေကြောင်းတိုက်ခိုက်မှုတွေက တစ်ကြိမ်တစ်ခါ ဖြစ်ပွားပြီး ပြီးဆုံးသွားတဲ့ အန္တရာယ်မျိုးမဟုတ်ဘဲ နှစ်များအလိုက် ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံရေးဆိုတာ လေယာဉ်သံမကြားရတဲ့နေ့တစ်နေ့ ရရှိခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ မိမိအိမ်မှာ စိတ်ချလက်ချ နေထိုင်နိုင်ခြင်း၊ မိသားစုနဲ့အတူ အနာဂတ်ကို စီစဉ်နိုင်ခြင်း၊ အလုပ်လုပ်ကိုင်စားသောက်နိုင်ခြင်းနဲ့ မိမိတို့ရဲ့ အသံကို လုံခြုံစွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်းတို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဒေါ်ထွေးနဲ့ နော်ထူးတို့ရဲ့ အတွေ့အကြုံတွေကတော့ အာဏာသိမ်းပြီးနောက် အဲဒီ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံမှုတွေဟာ အမျိုးသမီးတွေအတွက် ဘယ်လောက်ဝေး ကွာလာခဲ့သလဲဆိုတာကို ထင်ဟပ်ပြသနေပါတယ်။

သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အခြေအနေများဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုများကြားမှာ အမျိုးသမီးများဟာ မိမိတို့ရဲ့ လုံခြုံရေးကိုသာမက မိသားစုဝင် တွေရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရင်း နေထိုင်နေရကြောင်း ပြသနေလေတော့တယ်။