အောက်တိုဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကော်သူးလေ အမျိုးသမီးများကွန်ရက် (KWN)မှ ဦးဆောင်ပြီး ပအိုဝ်းအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို အောက်တိုဘာလ (၂၀) ရက်မှ (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူက ယမန်နေ့(အောက်တိုဘာ ၂၄ ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီးတွေ့ဆုံပွဲကို နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုစီးပွားရေးတို့တွင် အမျိုးသမီးများ ပါဝင်မှုကိုမြှင့်တင်ရန်၊ ဆုံးဖြတ်ချက်ချမှတ်သည့် ကဏ္ဍများတွင် အမျိုးသမီးများ ကိုယ်စားပြုမှု၊ ခေါင်းဆောင်မှုကို တိုးမြှင့်ရန်နှင့် တိုင်းရင်းသူအချင်းချင်းကြား ပူးပေါင်းလုပ်ဆောင်မှု အားကောင်းစေရန် ရည်ရွယ်ပြီးပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသမီးများနေထိုင်ရာ ဒေသမှ အမျိုးသမီးများ၏ခေါင်းဆောင်မှု၊ နိုင်ငံရေးတွင်ကိုယ်စားပြုမှု၊ လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသမီးများအပေါ်သက်ရောက်မှု၊ အဟန့်အတား၊ စိန်ခေါ်မှုများနှင့် ယင်းတို့ကိုမည်သို့ကျော်ဖြတ်နိုင်မှု အစရှိသည်တို့ကို ဆွေးနွေးဖလှယ်ခဲ့ကြသည်ဟု ဆိုသည်။

ထို့အတူ ခရိုင်တာဝန်ရှိသူများကလည်း ပွဲပြုလုပ်ကျင်းပသည့်ရည်ရွယ်ချက်နှင့်ကိုက်ညီသော အကြောင်းအရာများကို ရှင်းလင်းတင်ပြ၍ အမေးအဖြေကဏ္ဍအပါအဝင် အုပ်စုဖွဲ့ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နှစ်ရက်တာ ဆွေးနွေးပွဲသို့ KWN အပြင် ကေအဲန်ယူခရိုင်၊ မြို့နယ် တာဝန်ရှိသူများ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ပအိုဝ်းအမျိုးသားအကြံပေးတာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသမီး/အမျိုးသားများနှင့် ရှမ်းအမျိုးသမီးကွန်ရက်မှတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းတွင်လည်း KWN က ဦးဆောင်ကာ မြို့နယ်၊ ကျေးရွာများတွင်နေထိုင်သည့် ရှမ်းအမျိုးသမီးများနှင့်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သလို ထိုပွဲမှ ရှမ်းအမျိုးသမီးကွန်ရက် ဖွဲ့စည်းခဲ့ခြင်းလည်း ရှိသည်။


















