Home သတင်း စစ်အုပ်စုအပေါ် အမေရိကန်၏ဆက်ဆံရေး အကျိုးစီးပွားကိုသာအခြေခံ၍ တရားဝင်အသိမှတ်ပြုမှုမဟုတ်ဟု လေ့လာသူများ သုံးသပ်

စစ်အုပ်စုအပေါ် အမေရိကန်၏ဆက်ဆံရေး အကျိုးစီးပွားကိုသာအခြေခံ၍ တရားဝင်အသိမှတ်ပြုမှုမဟုတ်ဟု လေ့လာသူများ သုံးသပ်

16
Photo: ORFOnline

အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်အစိုးရအဖွဲ့ဘက်က အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရှိရာ နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့ခြင်းနှင့် မြန်မာခရိုနီအချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပယ်ဖျက်ပေးလိုက်ခြင်းမှာ အကျိုးစီးပွားကိုသာ အခြေခံ၍ စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်ဟု နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးလေ့လာသူများက သုံးသပ်သည်။

အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်လွှတ်ပေးဖို့ကိစ္စဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးက စက်တင်ဘာလထဲတွင် စစ်ခေါင်းဆောင်ဖြင့်လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သလို မြန်မာ့မြေရှားသတ္တုကိစ္စနှင့်ကျားဖြန့်နှိမ်နင်းရေးကိုပါ ဦးတည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်နိုင်ငံမဆိုပြင်ပနိုင်ငံနဲ့ဆက်ဆံမှုမှာ သူတို့အကျိုးစီးပွားက နံပါတ်တစ်ပါ။ အမေရိကန်နဲ့စစ်အုပ်စုဆက်ဆံရေးက ကျင့်ဝတ်တွေ ဒီမိုကရေစီဆိုတာတွေမှာ ပဒါန(အဓိက)မကျဘဲ အမေရိကန်အကျိုးစီးပွားနဲ့ စစ်အုပ်စုအာဏာတည်တံ့ခိုင်မြဲရေးနဲ့ဆိုတဲ့အပေါ်မှာ အပြန်အလှန်အသိမှတ်ပြုနေကြတာ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ မောင်ကျော်စွာက သုံးသပ်သည်။

US Geological Survey က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ အမေရိကန်၏မြေရှားသတ္တုရရှိရေးသည် အခြေခံအားဖြင့် တရုတ်ပေါ်တွင် အများဆုံးမှီခိုနေရပြီး ၂၀၂၁-၂၀၂၄ ကာလအတွင်း ၇၁ ရာခိုင်နှုန်းသော မြေရှားသတ္တုမှာ တရုတ်နိုင်ငံထံမှ ဖြစ်သည်။

ယင်းကြောင့် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံက မြေရှားသတ္တုများအား တိုက်ရိုက်ဝယ်ယူရရှိရေးလမ်းကြောင်းကို ရှာဖွေလိုကြောင်းလည်း နိုင်ငံရေးသုတေသီများ သုံးသပ်ချက်အရ သိရသည်။

ထို့အပြင် စက်တင်ဘာလထဲ အမေရိကန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးက စစ်အုပ်စုနှင့်လာရောက်တွေ့ဆုံရာတွင် မြေရှားသတ္တုကိစ္စကိုသာ အလေးပေးပြောဆိုခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။

ထိုသို့သောအခြေအနေတွင် တဖက်က ဖြေလျှော့မှုများရှိသော်လည်း စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုလိုက်ခြင်း မဟုတ်သလို အမေရိကန်၏မြန်မာစစ်အုပ်စုနှင့်ပတ်သက်သည့် မူဝါဒပြောင်းလဲသွားခြင်းလည်း မဟုတ်ဟု ယမန်နေ့ အောက်တိုဘာ(၁၄)ရက်တွင် ပြုလုပ်သည့် နိုင်ငံတကာမြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးမှတ်တမ်းတင်အဖွဲ့ MPM က သုံးသပ်သည်။

BNI-MPM တာဝန်ရှိသူက “စစ်အုပ်စုကို တရားဝင် အသိမှတ်ပြုလိုက်ပြီလားလို့ ပြောရင်တော့ စောသေးတယ်ပဲ ပြောရမယ်။ အမေရိကန်က စစ်အုပ်စုကို Sanction(ဒဏ်ခတ်ပိတ်ဆို့) လုပ်တာမျိုးက အတိုင်းအတာ တစ်ခုအထိ ရှိနေဆဲပဲ။ အမေရိကန်ရဲ့ပေါ်လစီ လုံးဝ ပြောင်းလဲသွားပြီဆိုတာမျိုး မတွေ့ရသေးပါဘူး” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် စစ်ဝတ်စုံချွတ်၍ သမ္မတဖြစ်လာသော မင်းအောင်လှိုင်အစိုးရအဖွဲ့သည် လူထုယုံကြည်စိတ်ချရသည့် ရွေးကောက်ခံလွှတ်တော်အမတ်များ ပါဝင်ပြီး တရားမျှတသည့်ရွေးကောက်ပွဲမှ တက်လာခြင်း မဟုတ်သဖြင့် နိုင်ငံရေးအရလည်း တရားဝင်မှုရှိမနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

အခြေအနေအရ စစ်အုပ်စုသည် အမေရိကန်နှင့်တရားဝင် ထိတွေ့ဆက်ဆံနိုင်ခွင့်ရရေး စက်တင်ဘာလထဲတွေ့ဆုံမှုတွင် တောင်းဆိုခဲ့သလို အမေရိကန် ဘက်ကလည်း စစ်အုပ်စုအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပိုမိုအဆက်အဆံလုပ်ရန် လိုလားခဲ့ခြင်းရှိသည်။

သို့ရာတွင် မြေရှားသတ္တုအပြင် အမေရိကန်နိုင်ငံသားများကို ထိခိုက်စေသည့် နယ်စပ်ကအွန်လိုင်းငွေလိမ်ဂိုဏ်း နယ်မြေများကို စစ်အုပ်စု အပြည့်အဝထိန်းချုပ်ထားနိုင်မှုမရှိခြင်းကြောင့် အမေရိကန်၏ ပြောဆိုချက်များကို အကောင်အထည်ဖော်‌ရေး အခက်တွေ့နိုင်မည်ဖြစ်ကြောင်းကိုလည်း လေ့လာသူများက သုံးသပ်နေကြသည်။

ယင်းကြောင့် နယ်မြေစီမံအုပ်ချုပ်နိုင်မှုအပေါ် စစ်အုပ်စုအနေဖြင့် တိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာနိုင်သလို တော်လှန်ရေးဦးဆောင် နိုင်ငံရေးအင်အားစုများဘက်က ရှေ့လျှောက်တွင် ပြည်တွင်းပဋိပက္ခအပေါ် လက်တွေ့ကျသည့် နိုင်ငံရေးမူဝါဒ ဖော်ဆောင်နိုင်ရန် နှင့် သံတမန်ရေးအခင်းအကျင်း ခိုင်ခိုင်မာမာတည်ဆောက်ရန် လိုအပ်ကြောင်း လေ့လာသူများက သုံးသပ်တိုက်တွန်းသည်။