အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများရှိ စာသင်ကျောင်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို ကူညီထောက်ပံ့ရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ နိုဝင်ဘာလ ၁၄ ရက်တွင် “Run to Change” ခေါင်းစဥ်ဖြင့် ရန်ပုံငွေ အပြေးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်တက္ကသိုလ် ကရင်ကျောင်းသားများအသင်း (Karen Student Association-KSA) က ဦးဆောင်ပြီး ချင်းမိုင်မြို့ရှိ Mae Jo တက္ကသိုလ် စိုက်ပျိုးရေးခြံတွင် ၆ ကီလိုမီတာအကွာအဝေးရှိ အဆိုပါ အပြေးပြိုင်ပွဲကို နိုဝင်ဘာလ (၁၄) ရက်နေ့၊ နံနက် ၈ နာရီမှ ၁၁ နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။
“ကရင့်ပညာရေးလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေပွဲ ကမ်ပိန်းတစ်ခု ရှိလို့ KTWG (ကရင် ဆရာမများဗဟိုအဖွဲ့) က ကျနော်တို့ကို လာပြီး ကမ်းလှမ်းတယ်။ အဲဒါနဲ့ ဒီပွဲကို လုပ်ဖြစ်သွားတာပါ။ ရရှိလာမဲ့ ရံပုံငွေကို ကရင်ပြည်နယ်မှာပဲ ပြန်လှူမယ်လို့ သိထားတယ်။ ကျနော်တို့ကတော့ KTWG ကနေတဆင့် ပြန်လှူသွားမယ်” ဟု KSA ၏ တာဝန်ရှိသူ စောဘာရခ က ပြောသည်။
ပြိုင်ပွဲမှ ရရှိလာမည့်ရန်ပုံငွေများကို ကရင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာဒေသအတွင်းရှိ ပညာရေးကဏ္ဍအတွက် အသုံးပြုသွားမည်ဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် စာသင်ကျောင်းများအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူက ဆိုသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် အောက်တိုဘာလ (၅) ရက်မှ (၂၀) ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး စာရင်းသွင်းခအနေဖြင့် တစ်ဦးလျှင် (၃၉၉) ဘတ် သတ်မှတ်ထားသည်။ ပြိုင်ပွဲဝင်များအတွက်မူ ပြိုင်ပွဲဝင်အင်္ကျီနှင့် အပြေးပွဲပြီးဆုံးကြောင်း အမှတ်တရ ဆုတံဆိပ်များ ပေးအပ်သွားမည်ဟု KSA ထံမှ သိရသည်။
ထို့ကြောင့် ဝင်ရောက်ယှဥ်ပြိုင်လိုသူများအနေဖြင့် KSA ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အောက်တိုဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ သွားရောက်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းလည်း ပွဲစီစဥ်ရေးအဖွဲ့က တိုက်တွန်းထားသည်။
ချင်းမိုင်တက္ကသိုလ်မှ ကရင်လူငယ်များသည် ဒေသတွင်းပဋိပက္ခများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကော်သူးလေ ကျောင်း ဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိရန်ရည်ရွယ်ပြီး KTWG အပါအဝင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ၊ Beyond-Sittaung Education (BSE) တို့နှင့်ပူးပေါင်းကာ ပြီးခဲ့သည့်လများတွင် ကမ်ပိန်း ပြုလုပ်ခဲ့ခြင်း ရှိသည်။
ထို့အတူ ပြီးခဲ့သည့်နှစ်က Together For Dooplaya ခေါင်းစဉ်ဖြင့် ဒူးပလာယာခရိုင်ရှိ စစ်ရှောင်များအတွက် အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရန် ရံပုံငွေပွဲ ပြုလုပ်ခဲ့သလို Kick for Earthquake အစီအစဥ်ဖြင့် စစ်ကိုင်းနှင့် မန္တလေးမှ ငလျှင်ဘေးဒဏ်သင့် ပြည်သူများအတွက် ငလျှင်ဘေး ရံပုံငွေပွဲကို ကျင်းပ၊ လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။


















