ဇူလိုင် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ရက်(၁၀၀)စီမံချက် ကုန်ဆုံးရန် တစ်ရက်အလို ယနေ့၊ ဇူလိုင်လ(၃၀)ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG, အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC, ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH နှင့် အလယ်ပိုင်းတိုင်း ဖက်ဒရယ်ယူနစ်များမှ တော်လှန်ရေးအင်အားစုများ၏ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း(CPA) ကို အတည်ပြုပြီးစီးသွားကြောင်း သိရသည်။
ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် ယနေ့မနက်ပိုင်းက CPA သဘောတူအတည်ပြုခြင်းကို အွန်လိုင်းနှင့်လူကိုယ်တိုင် တက်ရောက်မှု အခမ်းအနားပုံစံဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်၏ရက်(၁၀၀)စီမံချက် သတ်မှတ်ရက်မပြည့်ခင် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့နဲ့ပါဝင်ဆွေးနွေးဖက်တွေအကုန်လုံးကလည်း ဒါကိုမင်းအောင်လှိုင်ရဲ့ရက်(၁၀၀)မပြည့်ခင် နိုင်ငံရေးအရ ထိထိရောက်ရောက်တုံ့ပြန်နိုင်ဖို့ လက်နက်တစ်ခုအဖြစ်အသုံးပြုကြရအောင်ဆိုပြီး ဆွေးနွေးသဘောတူခဲ့ကြတာဖြစ်တယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လတ်က အခမ်းအနားတွင်ပြောသည်။
အဆိုပါ ပထမမူကြမ်းတွင် တော်လှန်ရေးဆိုင်ရာ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုဆိုင်ရာ၊ နိုင်ငံရေး၊ လုပ်ငန်းစဥ်နှင့်အထွေထွေဆိုင်ရာ ဘုံသဘောတူညီချက်များ ပါဝင်ပြီး NUCC, NUG, CRPH အပြင် စစ်ကိုင်းနှင့်မန္တလေး ဖက်ဒရယ်ယူနစ်များလည်း သဘောတူပါဝင်ထားကြသည်။
ထို့အပြင် မူကြမ်းသည် လက်ရှိတော်လှန်ရေးကာလတွင် တော်လှန်ရေးအင်အားစုများအချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်ရန် နိုင်ငံရေးကတိကဝတ်တစ်ခုသာ ဖြစ်ခြင်းကြောင့် ဖက်ဒရယ်ယူနစ်များတွင်ရှိပြီးသား သဘောတူညီချက်များနှင့်ပွတ်တိုက်နိုင်မှု မရှိကြောင်းလည်း NUCC က မီဒီယာများကို ပြောသည်။

NUCC အဖွဲ့ဝင် ဒေါ်နှင်းနှင်းမွှေးက ဆက်လက်၍ “ပေါ်ထွက်လာတဲ့အစိုးရအတုက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးကိုပဲ ကြိုးစားနေတယ်။ ရက်(၁၀၀)စီမံကိန်းကိုလည်း လုပ်နေတဲ့အခါကျတော့ ကျမတို့တော်လှန်ရေးအင်အားစုတွေကြားထဲမှာ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်နိုင်ခဲ့တာကို နိုင်ငံတကာနဲ့ပြည်သူလူထုတွေ တော်လှန်ရေးအင်အားစုတွေကို ပြသခြင်းဖြင့် ကျမတို့ကြားက စုစည်းညီညွှတ်မှုကို ပြသနိုင်ရာရောက်တယ်။ တော်လှန်ရေးမြန်မြန်အောင်မြင်ဖို့ကိုလည်း ကျမတို့ရည်ရွယ်ပါတယ်” ဟု အခမ်းအနားတွင် ပြောသည်။
ထို့အတူ ၎င်းတို့အဖွဲ့အစည်းများအနေဖြင့် မူကြမ်းအတိုင်း လက်ခံကျင့်သုံးသွားကြမည်ဖြစ်သလို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူညီကြသည့် တော်လှန်ရေးအင်အားစုများကလည်း ပူးပေါင်းပါဝင်လာကြရန် NUCC ပူးပေါင်းအဖွဲ့များက တပါတည်းဖိတ်ခေါ်ထားသည်။
တော်လှန်ရေးအင်အားစုများ၏ဘုံနိုင်ငံရေးသဘောတူညီချက်-ပထမမူကြမ်း(CPA)အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက လုပ်ငန်းစဥ်(၃)ဆင့်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး NUCC တွင်ပါဝင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အခြေခံသဘောတရားများ အတည်ပြုရယူခြင်းဖြင့် စတင်ခဲ့ကြကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ နှစ်ဝက်ကာလအထိ NUCC ၏ နိုင်ငံရေးရပ်တည်ချက်စာတမ်း အတည်ပြုထုတ်ပြန်ခြင်းနှင့်အတူ မူကြမ်းရေးဆွဲပြီးစီးရန် ကျန်ရှိအဆင့်အလိုက်လုပ်ဆောင်ခဲ့ကြသလို အကြိမ်ကြိမ်ဆွေးနွေးအကြံပြုချက် ရယူခဲ့ပြီးနောက် ထွက်ရှိလာသည့်ပထမမူကြမ်းအား နွေဦးတော်လှန်ရေးတစ်စုံလုံးသို့ အပ်နှံလိုက်ပြီဖြစ်သည်ဟုလည်း ဦးဆောင်သူများက ဆိုသည်။
ယနေ့အခမ်းအနားကို NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ စစ်ကိုင်းနှင့် မန္တလေး ဖက်ဒရယ်ယူနစ်ခေါင်းဆောင် ကိုယ်စားလှယ်တို့လည်း တက်ရောက်အမှာစကားပြောကြားကြပြီး CPA တွင် ပါဝင်သည့်အချက်အလက်များကို ဖတ်ကြားခြင်းအစီအစဥ်ပြီးနောက် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။



















