Home သတင်း နေပြည်တော်ဆွေးနွေးပွဲအပြီး ဖလူးဒေသက စစ်ရေးပဋိပက္ခများတွင် မပါဝင်ဖို့ တပ်ဖွဲ့ဝင်များအား DKBA တားမြစ်မိန့်ထုတ်

နေပြည်တော်ဆွေးနွေးပွဲအပြီး ဖလူးဒေသက စစ်ရေးပဋိပက္ခများတွင် မပါဝင်ဖို့ တပ်ဖွဲ့ဝင်များအား DKBA တားမြစ်မိန့်ထုတ်

285

ဇူလိုင် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုနှင့်နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲအပြီး သုံးပတ်အကြာတွင် ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်း၊ ဖလူးဒေသတွင်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများတွင် တပ်ဖွဲ့ဝင်များပါဝင်ပတ်သက်မှုမရှိရန် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ယနေ့ ဇူလိုင်(၂၉)ရက်စွဲဖြင့် သတိပေးတားမြစ်မိန့်ထုတ်ပြန်သည်။

ပြီးခဲ့သည့်ဇူလိုင်လ(၉)ရက်နေ့က အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စများအပါအဝင် ဒေသတွင်းတည်ငြိမ်ရေး စစ်အုပ်စုနှင့်အတူလက်တွဲလုပ်ဆောင်ရန်လည်း ၎င်းတို့၏ငြိမ်းချမ်းရေးကော်မတီ(NSPNC)က DKBA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဥ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် သုံးပတ်အကြာတွင် DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမိန့်ဖြင့် ယခုလိုတားမြစ်သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး လိုက်နာမှုမရှိသည့် မည်သည့်တပ်ဖွဲ့ဝင်မဆို ပြင်းပြင်းထန်ထန်အရေးယူခံရမည်ဟုလည်း အမိန့်ကြေညာချက်တွင် ဆိုသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်ထားသည့် မြဝတီမြို့တောင်ပိုင်း (၁၅) မိုင်ခန့်အကွာရှိ ဖလူး၊ မင်းလက်ပံနှင့် အင်ကြင်းမြိုင်၊ ဝေါလေ ဒေသများသည် ၂၀၂၁ ခုနှစ်က၊ လေးကေ့ကော် တိုက်ပွဲများ စတင်ခဲ့ပြီးနောက် စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို ကြုံတွေ့လာရသည့် ဒေသများ ဖြစ်သည်။

ထိုမှတဆင့် နယ်စပ်ဒေသတွင်အခြေစိုက်ထားသည့် တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းယူရန်ကြိုးပမ်းလုပ်ဆောင်မှု ဆက်တိုက်ရှိနေပြီး လက်ရှိသည် စစ်အုပ်စုနှင့်နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေချိန်လည်း ဖြစ်သည်။

Photo: DKBA

ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် DKBA မှာ ယခင်ကလည်း မိမိတို့ ထိန်းချုပ်နယ်မြေ တည်ငြိမ်ရေးနှင့် စစ်ရေးအရ ကြားနေရပ်တည်နိုင်ရေးအတွက် ပုံစံအမျိုးမျိုး သတိပေးထုတ်ပြန်လေ့ရှိသည်။

ထို့အတူ နေပြည်တော်ဆွေးနွေးပွဲပြီးနောက် ဖားအံ၊ တောင်ကလေး၌ DKBA ဆက်ဆံရေးရုံးဖွင့်ပွဲ လုပ်ဆောင်ခဲ့စဥ်တွင် ပြည်နယ်စစ်အုပ်စုခေါင်းဆောင်များကို ဖိတ်ခေါ်တက်ရောက်စေခြင်းကြောင့် လူထုအမြင်အရ ဝေဖန်ခံရသည်။

ယခုအမိန့်ကြေညာချက် ထွက်ပေါ်လာသည့်အပေါ်တွင်လည်း DKBA ၏ကြားနေလုပ်ရပ်ကို ဝေဖန်သံအချို့ရှိသလို စစ်ရေးအရှိန် ထပ်မံမြင့်တက်လာမည့်အရေး ဒေသခံများက စိုးရိမ်မကင်းရှိနေသည်။

ကြေညာချက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အဖွဲ့ပြောခွင့်သူများထံ ကြိုးပမ်းဆက်သွယ်နေဆဲဖြစ်သည်။
Photo: KIC , DKBA