ဇူလိုင် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါလေလမ်းပိုင်းရှိ ကဆောဝါးလေး(ဆင်ဖြူကုန်း)တောင်ကျော၊ သုံးထပ်ကွေ့ ရပ်တော်မူဘုရားကုန်းနေရာကို ယနေ့မနက်ပိုင်းက စစ်အုပ်စုမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ကျောင်းထိုင်သံဃာတော်(၁)ပါး ပျံလွန်တော်မူသွားကြောင်း ဆေးဘက်ဆိုင်ရာသတင်းအရင်းအမြစ်မှ သိရသည်။
ဇူလိုင်လ (၂၈)ရက်နေ့ နံနက်(၁၀)နာရီကျော်အချိန်က အဆိုပါဘုရားကုန်းအား ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်းဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ကျောင်းတွင်သီတင်းသုံးနေသည့် သံဃာတော်(၁)ပါး ဒဏ်ရာအပြင်းအထန်ရရှိပြီး ပျံလွန်တော်မူသွားသလို အရပ်သား(၂)ဦးလည်း ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းအချို့က ပြောသည်။
“ချက်ပြုတ်နေတုန်း ဂျက်ဖိုက်တာဗုံးကြဲတော့ ပြေးရှောင်ရတာ ဆရာတော်က ဒဏ်ရာပြင်းတော့ပျံလွန်တယ်။ ကပ္ပိယ (၂)ယောက်လည်း ဗုံးစတွေထိပြီး အခုကျောက်ခက်ဆေးရုံမှာပို့တယ်” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် ဗုံးဒဏ်ကြောင့် ရပ်တော်မူဘုရား ကျောင်းဆောင်အပါအဝင် သာသနိက အဆောက်အအုံများနှင့် မော်တော်ယာဉ်အချို့ ထိမှန်ပျက်စီးခဲ့ရကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်စစ်ရေးသတင်းများအရ စစ်အုပ်စုသည် ဇူလိုင်လ(၁၈)ရက်နေ့ကစပြီး ဖလူး-ဝေါလေ လမ်းပိုင်း၊ လယ်ဒို၊ သဲဖြူချောင်းတောင်ကျောအထက်ဘက်ကို ညစဉ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ ဇူလိုင်လ(၂၆)ရက် မနက်ပိုင်းကလည်း လက်ရှိဗုံးကြဲသွားသည့် သုံးထပ်ကွေ့နေရာကို လေကြောင်းကပင် တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။
ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက ဖလူး-မင်းလက်ပံ၊ လေးကေကော်မြို့သစ်အရှေ့တောင်ဘက်နှင့်ရဲကုန်းတောင်ကျောနေရာတို့တွင် စစ်အုပ်စုကို ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းရှိသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်စစ်ကြောင်းက မင်းလက်ပံ၊ဖလူးကိုကျော်မရတော့ ကျောက်တောင်ကျောကနေ ပတ်တက် နေတာ” ဟု ကေအိုင်စီကို ပြောသည်။
ထိုသို့ နေ့စဉ်ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်အုပ်စုပူးပေါင်းတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကို ထွက်ပြေးလာကြခြင်းလည်းရှိသည်ဟု KNLA မဟာမိတ်တပ်ဘက်က ပြောသည်။
စစ်အုပ်စုသည် ၎င်းတို့ စစ်ကြောင်းများဖောက်ထွက်နိုင်ရေး လေကြောင်းပစ်ကူအပြင် လက်နက်ကြီး၊ မစ်ဇိုင်း(အတွဲလိုက်ပစ်ဒုံး)များ ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်အထိ ကျည်ကျော်ကျရောက်မှုရှိကြောင်းလည်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။



















