Home သတင်း အထောက်အထားကိစ္စ စကားများရာမှ ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီတွင် လူသတ်မှုဖြစ်ပွား၊ အမှုကျူးလွန်သူ မြန်မာ(၁) ဦး ဖမ်းဆီးခံရပြီး (၄)ဦးလွတ်မြောက်နေ

အထောက်အထားကိစ္စ စကားများရာမှ ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီတွင် လူသတ်မှုဖြစ်ပွား၊ အမှုကျူးလွန်သူ မြန်မာ(၁) ဦး ဖမ်းဆီးခံရပြီး (၄)ဦးလွတ်မြောက်နေ

278
Photo: Nanpiya

ဇူလိုင် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်၊ စီမဟာဖို့ဒ်မြို့နယ်၊ ထာတူးကျေးရွာတွင် မြန်မာပြည်သား အကျိုးဆောင်တစ်ဦးနှင့် အလုပ်သမား(၅)ဦးတို့ လက်မှတ်အထောက်အထားကိစ္စ စကားများရာမှ ဓားထိုးခံရ၍ အကျိုးဆောင်သေဆုံးခဲ့သည့်ဖြစ်စဥ်၌ ကျူးလွန်သူမြန်မာ(၁)ဦးကို ဖမ်းမိပြီး ကျန်(၄)ဦး လွတ်မြောက်နေကြောင်း ထိုင်းရောက်ရွှေ့ပြောင်းမြန်မာ သတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက အလုပ်လုပ်ခွင့်(Work Permit) သက်တမ်းတိုးအတွက် နှစ်လကျော်ကြာ ငွေပေးချေထားသော်လည်း စာရွက်စာတမ်း မရရှိသေးသဖြင့် အကျိုးဆောင်(ပွဲစား) မြန်မာနိုင်ငံသားနှင့် မြန်မာရွှေ့ပြောင်းလုပ်သား(၅) ဦးတို့ စကားအချေအတင် ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦးအနက် ၂ ဦးက စတင်တိုက်ခိုက်ခဲ့ရာမှ ဓားထိုးခံရသည့်ဒဏ်ရာများဖြင့် အကျိုးဆောင်သေဆုံးခဲ့သလို ၎င်း၏မိတ်ဆွေဖြစ်သူမှာ ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသည့် ပြစ်မှုတွင်ပါဝင်ပတ်သက်နေသူ(၅) ဦးအား ထိုင်းရဲတပ်ဖွဲ့က လိုက်လံစုံစမ်းဖမ်းဆီးရာ (၁) ဦးကို ထာတူးကျေးရွာတွင်ပင် ဖမ်းဆီးမိခဲ့ပြီး ကျန်ရှိမြန်မာနိုင်ငံသား(၄)ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်းလည်း ထိုင်းမီဒီယာများက ဖော်ပြသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များက ၎င်း(၄)ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းမိထားသူ၏ထွက်ဆိုချက်အရ အမှုမှထွက်ပြေးတိမ်းရှောင်သူများ စီးနင်းလိုက်ပါသွားသည့် မော်တော်ယာဥ်ကို ခြေရာခံနေကြသည်ဟု ဆိုသည်။

မီဒီယာတွင် ထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းများအရ မိနစ်အတန်ကြာဖြစ်ပွားခဲ့သော အဆိုပါ စကားအချေအတင်မှလူသတ်မှုဖြစ်စဥ်တွင် လက်နက်ကိုင်ဆောင်သူသည် ပြေးလွှားရာမှလဲကျသွားသည့် အကျိုးဆောင်အား ဓားဖြင့်အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဖြစ်စဥ်နှင့်ပတ်သက်၍ အကျိုးဆောင်များနှင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းများအကြား စာရွက်စာတမ်းကိစ္စဖြင့် ဖြစ်လေ့ရှိသော ပြဿနာများကို လူမှုကွန်ရက်များပေါ်တွင် ထုတ်ဖော်ဝေဖန်မှုအသီးသီးရှိနေသည်။

ထိုင်းမီဒီယာအချို့ကလည်း နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားဦးရေများပြားလာခြင်းနှင့်အတူ ထိုင်းနိုင်ငံ၏ဥပဒေများကို လိုက်နာမှုမရှိဘဲ ရဲတင်းစွာအမှုကျူးလွန်နေကြခြင်းဖြစ်သည်ဟုလည်း ဖော်ပြပြောဆိုထားကြခြင်းရှိသည်။