Home သတင်း ထိုင်းဘတ်ငွေ သန်း(၉၀)ကျော်တန် အိမ်ဝယ်ရန်နာမည်ခံပေးသည့် မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့ရေး JFM တောင်းဆို

ထိုင်းဘတ်ငွေ သန်း(၉၀)ကျော်တန် အိမ်ဝယ်ရန်နာမည်ခံပေးသည့် မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့ရေး JFM တောင်းဆို

552
Photo crd- JFM, AFP

ဧပြီ (၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းဘတ်ငွေ (၉၈)သန်းတန် ဇိမ်ခံအိမ်ရာဝယ်ယူရန် နာမည်ခံပေးသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူပေးရန် အမေရိကန် ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများအား Justice for Myanmar-JFM က တောင်းဆိုသည်။

ယနေ့ ဧပြီ (၇)ရက်နေ့ဖြင့် JFM ၏လှုမှုကွန်ရက်စာမျက်နှာမှထုတ်ပြန်ချက်အတွင်း စစ်ခေါင်းဆောင်က ဒဏ်ခတ်ပိတ်ဆို့မှုမခံရသေးသည့် ၎င်းမိသားစုဝင်များ၏နာမည်ခံပြီး ထိုင်းနိုင်ငံအတွင်း လုပ်ဆောင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံထောက်ပြလိုက်ခြင်းဖြစ်သည်။

အမေရိကန် ဒေါ်လာ(၃)သန်းနီးပါးတန်ဖိုးရှိ အဆိုပါအိမ်ရာဝယ်ယူမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ထိုင်းစတော့အိတ်ချ်ချိန်းစာရင်းဝင် Charn Issara Development Public ကုမ္ပဏီမှ Emerald Princess ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။

Emerald Princess ကုမ္ပဏီသည် ထိုင်းဥပဒေမှကင်းလွတ်ရန် ထိုင်းနိုင်ငံသားနာမည်ခံပြီး စစ်ခေါင်းဆောင်မိသားစုကတည်ထောင်ထားသော ကုမ္ပဏီဖြစ်ကြောင်း JFM က မတ်လ(၂၅)ရက်နေ့တွင် ဖော်ထုတ်ခဲ့သည်။

Photo crd- JFM, AFP

အိမ်ရာဝယ်ယူမှုအလွှဲအပြောင်းလုပ်သည့်ကိစ္စ၌ မင်းအောင်လှိုင်၏ချွေးမ မျိုးရတနာထိုက်အမည်ခံထားခြင်းဖြင့် စစ်အုပ်စုက နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားပြီး တရားမဝင်ငွေများဖြင့် တရားမဝင်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်နေခြင်းဖြစ်ကြောင်း ထောက်ပြသွားသည်။ ထို့ကြောင့် မျိုးရတနာထိုက်ကိုပါ နိုင်ငံတကာက ဒဏ်ခတ်အရေးယူရမည်ဟု JFM က ဆိုသည်။

ရုပ်ပြရွေးကောက်ပွဲမှ ဖြစ်တည်လာသော အတုအယောင်လွှတ်တော် အဆုံးအဖြတ်ဖြင့် သမ္မတလုပ်ဆောင်နေသူ စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ တန်ဖိုးကြီးအိမ်ရာဝယ်ယူမှုတွင် ပါဝင်ပတ်သက်နေသူများကိုလည်း ထိုင်းနိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးရမည်။ တရားစွဲဆို၍ ပိုင်ဆိုင်မှုများရုတ်သိမ်းရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လ(၂၅)ရက်နေ့က ထုတ်ပြန်ချက်တွင် JFM က တောင်းဆိုခဲ့သေးသည်။

စစ်ရာဇဝတ်မှုများ၊ အကျိုးအမြတ်နှင့်ဆက်နွယ်ကာ စစ်အုပ်စုနှင့်အတူ ရာဇဝတ်မှုကျူးလွန်နေသူများ၊ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်အစီရင်ခံလျက်ရှိသော JFM က အာဏာသိမ်းပြီးနောက်ပိုင်းကာလတစ်လျှောက် လေယာဥ်ဆီလမ်းကြောင်း၊ စစ်လက်နက်လမ်းကြောင်းများ စစ်အုပ်စုထံစီးဝင်မှု ပိတ်ဆို့ရေးအတွက်လည်း အလေးပေးတောင်းဆိုလှုပ်ရှားလျက်ရှိသည်။