ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရွေးကောက်ပွဲပထမအဆင့် ကရင်ပြည်နယ် မဲရလဒ်စာရင်းရေတွက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP နှင့်အကြိတ်အနယ်ဖြစ်ခဲ့သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP က ထွက်လာသည့်ဆန္ဒမဲရလဒ်အတိုင်း လက်ခံမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်၊ ဖားအံ၊ သံတောင်ကြီး၊ မြဝတီမြို့နယ်တို့တွင် စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ-USDP နှင့်အပြိုင် KNDP၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP တို့က အဓိက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖားအံမဲဆန္ဒနယ်၊ လွှတ်တော်သုံးနေရာလုံးတွင်လည်း USDP နောက်မှ KNDP က ဒုတိယနေရာ၊ PSDP က တတိယနေရာရရှိခဲ့ကြောင်း တာဝန်ရှိသူတို့ထံမှ သိရသည်။
ပထမအဆင့် ကရင်ပြည်နယ်မဲရလဒ်ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်မ ကြေညာသေးသော်လည်း ပါတီနိုင်ငံရေးအသိုင်းအဝိုင်းပြောဆိုချက်အရ USDP က မြို့နယ်(၃)ခုလုံးတွင် အနိုင်ရရှိနေသည်။ KNDP ပါတီ အနေဖြင့်လည်း ရလာသည့်မဲရလဒ်အတိုင်းလက်ခံရမည်ဟု ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
“အမျိုးမျိုးတော့ပြောကြဆိုကြတယ်ပေါ့လေ၊ လက်တွေ့သက်သေအပြည့်အစုံမပြနိုင်တဲ့အတွက် ထွက်လာ တဲ့ရလဒ်ကတော့ ကျနော်တို့ လက်ခံရမယ်၊ လက်ခံမယ်လို့ပဲပြောရမှာပေါ့။ ရလဒ်အပြီး သတ်တော့ မထွက်သေးပေမယ့် အခုအခြေအနေကလည်း မျှော်လင့်သလောက်တော့ရှိပါတယ်။” ဟု မန်းအောင်ပြည်စိုးက ပြောသည်။
KNDP ပါတီ အနေဖြင့် မိမိတို့ကရင်တိုင်းရင်းသားအခွင့်အရေး ပြောရေးဆိုခွင့်ရရန် ပါတီတည် ထောင်ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်၍ အမြင်မတူသူက အမျိုးမျိုးဆန့်ကျင်ပြောဆိုနေကြသော်လည်း လွတ်လပ်စွာသဘောထားကွဲလွဲနိုင်သည်ဟု မန်းအောင်ပြည်စိုးက ဆိုသည်။
ကရင်အမျိုးသားရေးနှင့်တော်လှန်ရေးကို ဆယ်စုနှစ် ခုနစ်ခုကျော် ဦးဆောင်လာသည့် ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူအပါအဝင် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများကမူ ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊ မပူးပေါင်းမပါဝင်ကြရန် ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်ထားသည်။

သို့သော် ရွေးကောက်ပွဲပထမအဆင့်ပြုလုပ်သွားသည့် ကရင်ပြည်နယ်အချို့ကျေးရွာများတွင် ပြည်သူအများစု ဆန္ဒမဲပေးရန် စိတ်အားထက်သန်မှုမရှိသော်လည်း ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကြောင့် မဲသွားပေးခဲ့ရကြောင်း သိရသည်။
“အစကတည်းက သူတို့နိုင်ဖို့အတွက် အကြံဥာဏ်တွေအကုန်သုံး နောက်ကွယ်မှာလည်း စစ်တပ်ရှိနေတယ်ဆိုတော့ တရားဝင်ဝင်မဝင်ဝင် သူတို့အာဏာအကုန်သုံးမယ်ဆိုတာ ကျနော်တို့ ကြိုတွေးထားပြီးသား။ ဒီလိုလုပ်လို့ မဲနိုင်မယ်ဆိုရင်တောင် အံ့ဩစရာကိစ္စမဟုတ်ဘူး” ဟု ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက မှတ်ချက်ပြုသည်။
နယ်စပ်အခြေစိုက် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် ရေးကော်မတီ၏ ဒီဇင်ဘာလ(၁၈)ရက်ထုတ် အစီရင်ခံစာအရ စစ်အုပ်စုသည် နိုင်ငံရေး ပါတီများနှင့် ပြည်သူနားမလည်နိုင်သည့် အချိုးကျကိုယ်စားပြုစနစ်(PR)၊ နိုင်သူအကုန်ယူစနစ်(FPTP)တို့ကို ရောထွေး၍ မဲဆန္ဒနယ်မြေများကို ၎င်းတို့အလိုကျပြုလုပ်ထားကြောင်း ဖော်ပြသည်။
တရားလွှတ်တော်ရှေ့နေ စောဘဦးလေးကလည်း “အခုစစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲကတော့ တစ်ကောင်ထဲ ပြေးမယ့် မြင်းကို ပန်းပေးဝင်မယ့် ရွေးကောက်ပွဲသာ ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မှတ်ချက်ပေးချင်တယ်။ “ဟု ကေအိုင်စီသို့ မှတ်ချက်ပြုသည်။
တစ်နိုင်ငံလုံး ဝင်ပြိုင်ခွင့်ရသည့် USDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ -PPP၊ ပြည်သူ့ပါတီ-PP၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းနှင့်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှလွဲ၍ ကျန်(၅၁)ပါတီမှာ ပြည်နယ်နှင့်တိုင်း လွှတ်တော်တို့တွင် သာဝင်ပြိုင်ခွင့်ရကြောင်း စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ(၂၈)ရက်နေ့က အတုအယောင်ရွေးကောက်ပွဲ ပထမအဆင့်ပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ဒုတိယအဆင့်နှင့် ဇန်နဝါရီလ (၂၅) ရက်တွင် ၆၃ မြို့နယ်တို့တွင် တတိယအဆင့်ကို ဆက်လက်ကျင်းပသွားမည်ဟု စစ်အုပ်စုက ကြေညာထားသည်။



















