Home သတင်း တောင်ငူ-လိပ်သိုလမ်းပေါ် ဆန်အိတ်များ သယ်ယူပို့ဆောင်ရေး စစ်အုပ်စု တင်းကြပ်

တောင်ငူ-လိပ်သိုလမ်းပေါ် ဆန်အိတ်များ သယ်ယူပို့ဆောင်ရေး စစ်အုပ်စု တင်းကြပ်

9
Photo: Myanmar National Post

နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး(တောင်ငူ)ခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ လိပ်သို-တောင်ငူလမ်းကြောပေါ်ဖြတ်သန်း၍ ဆန်အိတ်ပမာဏများများ သယ်ဆောင်ရာတွင် စစ်အုပ်စုတပ်အထိုင်ချဂိတ်များက အစစ်အဆေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

အထူးသဖြင့် ဆန်အိတ်များသယ်ဆောင်ရန် လမ်းတစ်လျှောက်ရှိ စစ်အုပ်စုစစ်ဆေးရေးဂိတ်များကို ငွေကြေးပေးနေရသူအချို့က အခြေအနေကို လူမှုကွန်ရက်မီဒီယာပေါ် ထုတ်ဖော်ပြောကြားပြီးနောက် ဆန်အိတ်အများအပြား သယ်ဆောင်ခြင်းကို ပိုမိုကန့်သတ်ကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ငူဂိတ်ကနေ ဟိုးလိပ်သို၊ ယာဒိုအထိ ဘယ်ဂိတ်က ဘယ်လောက်တောင်းတာဆိုပြီး သူများလိုင်းပေါ်တင်တော့ ပိုပြီး ကြပ်လာတယ်။ အစစ်အဆေးလည်းများနေတယ်။ အခု ဆန်အိတ်များများသယ်ဖို့တောင် ခွင့်ပြုချက်ယူနေရတယ်” ဟု လိပ်သိုမြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လိပ်သိုဘက်တွင် သယ်ဆောင်ခွင့်ပြုရန် ထောက်ခံချက်စာရွက်အား လိပ်သိုမြို့အခြေစိုက် စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၆၀၃ ထံမှ ယူရခြင်းရှိသလို ခွင့်ပြုချက်စာမပါပါက ဝန်ပိုသယ်ဆောင်လာသည့် ဆန်အိတ်များကို သိမ်းယူထားလိုက်ခြင်းရှိကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တောင်ငူနှင့်သံတောင်ကြီးသို့ ကုန်သယ်ယူပို့ဆောင်ရေးယာဥ် ပြေးဆွဲနေသည့်အမျိုးသားက “ကျနော်တို့ သံတောင်ကြီးသားတွေကတော့ ထောက်ခံစာမယူရဘူးလေ ဒီတိုင်းပဲသွားနေတာပဲ။ ဆန်ကတော့ တစ်အိတ်ဆိုတစ်အိတ်ပဲ သယ်ရတယ်။ ပိုသယ်ရင်တော့ သူတို့ကိုပိုက်ဆံပေးရတာပေါ့။ ခုတလောတော့ အစစ်အဆေးကြောင့် သိပ်မတင်ရဲဘူး” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စု၏ ထောက်ခံစာခွင့်ပြုချက်သည် ဆန်အပါအဝင် ဆေးဝါး၊ စားသုံးဆီနှင့် စက်သုံးဆီများအတွက်လည်း ရယူနေရခြင်းဖြစ်ပြီး ထောက်ခံစာမပါဘဲ အရေအတွက်များများ သယ်ဆောင်ပါက ဂိတ်မှ စစ်ဆေးမေးမြန်းမှု ပို၍ လုပ်ဆောင်ကြသည်ဟု ဒေသခံများက ဆိုသည်။

ယင်းကြောင့် ဒေသထဲတွင် ယခင်က ဆန်တစ်အိတ် ငွေကျပ် (၆၀,၀၀၀) ကျော် ရှိရာမှ ယခုလို အစစ်အဆေးကြပ်မတ်ပြီးနောက် နှစ်ဆနီးပါးခန့် မြင့်တက်သွားကြောင်းလည်း လိပ်သိုမြို့နယ်၏ လက်ရှိဆန်တစ်အိတ်ပေါက်ဈေးကို ဒေသခံများထံ စုံစမ်းချက်အရ သိရသည်။

NH21 အဝေးပြေးလမ်းမကြီး၏အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး မြေပြန့်နှင့်တောင်ပေါ်ဒေသ ကုန်စည်ဖလှယ်မှု အားထားရာလမ်း လည်းဖြစ်သည့် တောင်ငူ-သံတောင်-လိပ်သို-ယာဒို လမ်းကြောသည် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ စစ်ရေး၊ လူမှုစီးပွားနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍစုံတွင် အလွန်အရေးပါသောနေရာမှ ပါဝင်လျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသတွင်းပဋိပက္ခများကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဘက်က အဆိုပါလမ်းကို ရံဖန်ရံခါ ပိတ်ထားတတ်သလို စစ်အုပ်စုကလည်း ကုန်စည်ကန့်သတ်ပိတ်ပင်မှုများ တောက်လျှောက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သွားလာရေးအခက်ကြုံရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများ တွေ့ကြုံခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။