Home သတင်း စစ်အုပ်စုနှင့်ဆွေးနွေးဖြစ်ပါက SCEF မှတဆင့် ပါဝင်မည်ဟု ကေအဲန်ယူ ပြော

စစ်အုပ်စုနှင့်ဆွေးနွေးဖြစ်ပါက SCEF မှတဆင့် ပါဝင်မည်ဟု ကေအဲန်ယူ ပြော

8

နိုဝင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံက ကြားဝင်စေ့စပ်၍ အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးဖြစ်ပါက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့်သာ ပါဝင်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်၏ နေပြည်တော်ခရီးစဥ်အပြီးတွင် ကေအဲန်ယူ နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စုတို့ တွေ့ဆုံ ဆွေးနွေးနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်စီစဉ်ပေးရန်အသင့်ရှိကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကေအဲန်ယူထံ ဆက်သွယ်အသိပေးမှု ရှိခဲ့သလို ကေအဲန်ယူအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးပွဲပေါ်ပေါက်လာသော် SCEF မှတဆင့်သာ ပါဝင်သွားမည်ဟု ကေအိုင်စီ-ကရင်သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။

“ထိုင်းနိုင်ငံခြားရေးကနေပြီးတော့ ကျနော်တို့ကို အသိပေးတာ ရှိပါတယ်။ ကျနော်တို့ဘက်က တွေ့ဆုံဆွေးနွေးမှုကို လုပ်ခဲ့သော် SCEF အနေနဲ့ ပဲ ကျနော်တို့ သွားဖို့ လိုပါတယ်။ SCEF ရဲ့ အနေအထားကလည်း တစ်နိုင်ငံလုံးမှာ ကျယ်ပြန့်တယ်” ပဒို‌စောကလယ်စေးက ပြောသည်။

သို့ရာတွင် လက်ရှိပြည်သူလူထု ရင်ဆိုင်နေရသည့် အကြပ်အတည်းများကို ဦးစားပေးဖြေရှင်းရမည်ဖြစ်သလို စစ်အုပ်စုဘက်ကလည်း အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းကို ဦးစွာ ရပ်တန့်နိုင်ရန် လိုအပ်သည်ဟု ကေအဲန်ယူပြောခွင့်ရသူက ဖြည့်စွက်ပြောသည်။

Photo : Thairath

နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်အရ ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် စစ်အုပ်စုသည် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် မူအားဖြင့် သဘောတူထားကြောင်း သိရသည်။

နှစ်ဖက်အပြန်အလှန်ပြောဆိုချက်များအပေါ် လေ့လာစောင့်ကြည့်သူများ၏ အမြင်အမျိုးမျိုးကွဲပြားနေပြီး ထိုအထဲတွင် နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးအောင်သူငြိမ်းက “စစ်အုပ်စုဘက်က ကြိုတင်သတ်မှတ်ချက်တွေ မထားဘူး။ တွေ့မယ်ဆိုရင် တတိယနိုင်ငံမှာလည်း ရတယ်ဆိုတဲ့ သဘောပါ။ ဆွေးနွေးပွဲကတော့ အစောပိုင်းမှာ သူလည်းဈေးခေါ်၊ ကိုယ်လည်းဈေးခေါ် ပေါ့။ တွေ့ဖြစ်ရင် တွေ့ကြမှာပေါ့။ သူတို့ရဲ့ အဖွဲ့အစည်းမူနဲ့ပဲ ဆိုင်ပါတယ်”ဟု မှတ်ချက်ပေးသည်။

ထိုင်းနိုင်ငံနှင့်ဆက်ဆံရေးတည်ဆောက်ထားသည့် ကေအဲန်ယူကမူ ဆွေးနွေးပွဲ အောင်မြင်ရန် စစ်အုပ်စု စေတနာမှန်မှန်ထား ပါဝင်လာဖို့ လိုအပ်သည်ဟု သတိပေးထားသည်။

စစ်အုပ်စု နိုင်ငံရေးမှ ထွက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကို အခြေခံရပ်တည်နေသည့် ကေအဲန်ယူသည် SCEF စတင်တည်ထောင်သည့် ၂၀၂၆ ခုနှစ်၊ မတ်လကတည်းက ဖက်ဒရယ်ယူနစ်ကိုယ်စားပြုမဏ္ဍိုင်အောက်တွင် ဦးဆောင်ပါဝင်လာခြင်းဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင်လတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အားလုံးပါဝင်သော ဆွေးနွေးပွဲဖြစ်လာရေး အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ-NSPNC, KNU, KNPP တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သီးခြားတွေ့ဆုံရာတွင်လည်း အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပေးခဲ့သေးသည်။