Home သတင်း ကျိုက်ထိုတွင် ဆုံးရှုံးခဲ့သော လက်နက်အများစု ပြန်လည်သိမ်းယူနိုင်ခဲ့ဟု KNU ပြော

ကျိုက်ထိုတွင် ဆုံးရှုံးခဲ့သော လက်နက်အများစု ပြန်လည်သိမ်းယူနိုင်ခဲ့ဟု KNU ပြော

7
Photo: Social Media

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင် (တပ်မဟာ ၁)၊ ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က သိမ်းယူသွားသည့် လက်နက်ခဲယမ်း အများစုကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု တပ်မဟာတာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၏ အခြေချနေရာတချို့ကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းခံခဲ့ရသည့် လက်နက် ၁၀ ကျော်အနက် အများစုကို ယနေ့ (နိုဝင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီမနက် ၁၀ လက်ပြန်ရပြီ။ လေယာဉ်ပစ် (စက်လက်) တစ်လက်ပဲ ကျန်တော့တယ်။ စစ်တပ်က ကားနဲ့ ပြန်သယ်သွားတဲ့အချိန်မှာ ကျနော်တို့လူတွေ ပြန်တိုက်ယူတာ ဖြစ်ပါတယ်။ ကားတစ်စီးလည်း ပြန်ရတယ်” ဟု KNLA တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမြင့်ထွေးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

ဆုံးရှုံးခဲ့သော လက်နက်များ ပြန်လည်ရယူနိုင်ခဲ့သည့်အပြင် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ အချို့ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟုလည်း တပ်မဟာမှူးက ဖြည့်စွက်ပြောဆိုသည်။

Photo: Social Media

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့မှစ၍ ကေအဲန်ယူ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အစပ်နေရာများသို့ အာဏာသိမ်းတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ စစ်ကြောင်းထိုးစဉ် ကေအဲန်ယူ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ယာယီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အာဏာသိမ်းစစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆုံးရှုံးသွားသော အခြေချစခန်းများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၃) ဌာနချုပ် ပါဝင်ပြီး ကျန်နေရာအများစုမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ယာယီခြေချနေရာများ ဖြစ်ကြသည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

လက်ရှိတွင် ထိုနယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ထောင်နှင့်ချီသော ဒေသခံစစ်ရှောင်ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။