အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာအာဏာသိမ်းသမ္မတ မင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ လာရောက်နေချိန်တွင် မလေးရှားအစိုးရနှင့် ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများအပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်ထောက်ပံ့၊ ဝန်ဆောင်မှုပေးနေသည့် မလေးရှားကုမ္ပဏီများကို Justice For Myanmar (JFM) က ယနေ့၊ အောက်တိုဘာ(၇)ရက်နေ့တွင် ဖော်ပြထုတ်ပြန်သည်။
စစ်အုပ်စုက ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် မလေးရှားကုမ္ပဏီ FJ Global ၊ Asia AeroTechnic (AAT) နှင့် Skyways Technics Asia တို့က လေယာဥ်အစိတ်အပိုင်းများ၊ လက်နက်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများ စစ်အုပ်စုထံ ရောင်းချခြင်း (သို့) ရောင်းချရန်ကြိုးပမ်းနေကြောင်း လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ကိုးကား၍ JFM က ဆိုသည်။
FJ Global သည် မလေးရှားဝန်ကြီးချုပ် ဥက္ကဋ္ဌတာဝန်ယူထားသည့် အဖွဲ့အစည်းတစ်ခုထံမှ ငွေကြေးထောက်ပံ့မှု ရရှိထားသလို စစ်တပ်၏ တိုက်ခိုက်ရေးဂျက်လေယာဉ်၊ ဒရုန်းနှင့် ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများ ဝယ်ယူပေးရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မလေးရှားကျေးလက်နှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ခံ AAT ကုမ္ပဏီက မြန်မာစစ်အုပ်စု၏ လေယာဉ် ပြုပြင်ရေးအတွက် စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံမှုရှိခဲ့သလို၊ Skyways Technics Asia ကုမ္ပဏီသည်လည်း လက်နက်ပွဲစားများထံ လေယာဉ်စက်ပစ္စည်း ကြိမ်ဖန်များစွာ တင်ပို့ခဲ့သည်ဟု JFM က ဖော်ပြသည်။
ယင်းကြောင့် မလေးရှားအစိုးရအနေဖြင့် မိမိနိုင်ငံမှ ကုမ္ပဏီများက စစ်အုပ်စုကို စစ်လက်နက်များ ထောက်ပံ့နေခြင်းကို တားဆီးရန် ပျက်ကွက်မှုရှိနေပြီး အနောက်နိုင်ငံများမှဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ခေါ်ခြင်းသည် မှားယွင်းသောတရားဝင်မှုပေးခြင်းဖြစ်ကြောင်း JFM က ရှုတ်ချဝေဖန်သည်။

“အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို မိမိနိုင်ငံ ကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာတွေကို တားဆီးဖို့ ဘာမှ မလုပ်ဆောင်ဘဲ၊ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မဟုတ်မမှန်တဲ့ တရားဝင်မှု ပေးအပ်ပြီး လူတွေကို သူ့ရဲ့ ရာဇဝတ်စစ်အုပ်စုလက်ထဲ ပြန်လွှဲအပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေကို ကျွန်မတို့ ရှုတ်ချပါတယ်” ဟု JFM ပြောခွင့်ရ မရတနာမောင်က ပြောသည်။
ထိုသို့ ဖော်ထုတ်ခံထားရသည့် ကုမ္ပဏီများကို မလေးရှားအစိုးရမှ စုံစမ်းစစ်ဆေးရန်၊ စစ်အုပ်စုထံ စစ်ပစ္စည်းနှင့် နည်းပညာလွှဲပြောင်းပေးနေမှုများ ရပ်တန့်ရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ လက်နက်ပွဲစား ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ပေးရန်လည်း JFM က တဆက်တည်းတောင်းဆိုသွားသည်။
ထို့အပြင် ထုတ်ပြန်ချက်တွင် မလေးရှားရောက် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခံထားရသူအဖြစ် ဖော်ပြထားသလို စစ်ခေါင်းဆောင်နှင့် မလေးရှားအစိုးရတို့ ခရီးစဥ်အတွင်းဆွေးနွေးမည့် ဒုက္ခသည်များကို မြန်မာသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ရေး အပေါ် ရပ်တန့်ရန် ဖြည့်စွက်တောင်းဆိုသည်။
စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံ့မီဒီယာများတွင် ဖော်ပြချက်အရ မြန်မာအာဏာသိမ်းသမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ၏ဖိတ်ခေါ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ မလေးရှားသို့ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဥ်အပေါ် မလေးရောက်မြန်မာနိုင်ငံသားအသိုင်းအဝိုင်းမှ ကန့်ကွက်မှုများရှိနေသလို လူ့အခွင့်အရေးအဖွဲ့များ၊ မလေးရောက် အင်အားစုများကလည်း ကန့်ကွက်ရှုတ်ချမှုများ ထုတ်ပြန်လုပ်ဆောင်ခဲ့ခြင်းရှိသည်။


















