အောက်တိုဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
သဘာဝဘေးအန္တရာယ် ဆိုးရွားစွာ ရင်ဆိုင်နေရသည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ (TFUCC) က ယမန်နေ့ ( အောက်တိုဘာ ၂ ရက်) တွင် ထုတ်ပြန်သည်။
ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့တွင် စက်တင်ဘာ (၂၅) ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြို၊ မြေပြိုမှုများနှင့် ရေဘေးအန္တရာယ်များကို ဒေသခံပြည်သူများ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
သဘာဝဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေချိန်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်ပြုလုပ်ခဲ့ကြောင်း TFUCC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက်နေ့က ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ(၁)ရက်နေ့တွင်လည်း သရက်ချောင်းမြို့နယ်ရှိ ပိတိုင်၊ လဘနှင့် ဆင်ကျန်းကျေးရွာများကို K-8W တိုက်ခိုက်ရေးလေယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအပါအဝင် TFUCC ထံမှ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း စစ်အုပ်စုသည် သဘာဝဘေးသင့်ပြည်သူများအတွက် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နှောင့်ယှက်ဟန့်တားရန် ရည်ရွယ်သည်ဟု ဆိုသည်။
ထို့အပြင် သဘာဝဘေးဒုက္ခသည်များကို နိုင်ငံတော်အဆင့် ကူညီထောက်ပံ့ပေးခြင်း မရှိသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဘေးအန္တရာယ်များကြား အသက်ရှင်သန်နိုင်ရေး ရုန်းကန်နေရသည့် ထားဝယ်ခရိုင်ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း TFUCC ဖော်ပြသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအပေါ် နှောင့်ယှက်ဖျက်ဆီးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထားသည်။
ဆက်လက်၍ သဘာဝဘေးသင့်ပြည်သူများ၏ လုံခြုံရေးနှင့် အကူအညီများ ဆက်လက်ပံ့ပိုးနိုင်ရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထားဝယ်ခရိုင်အတွင်း ရေကြီးပြီးတောင်ပြိုကျမှုများဖြစ်ပွားခဲ့သည့် စက်တင်ဘာ(၃၀)ရက်နေ့အထိ သေဆုံးသူ(၃၀) ကျော်အထိ ရှိခဲ့ပြီး ပြည်သူ သောင်းချီ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။


















