Home သတင်း မူတြော်တွင် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၁) ဦး သေဆုံးပြီး (၂) ဦးထက်မနည်း ဒဏ်ရာရ

မူတြော်တွင် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၁) ဦး သေဆုံးပြီး (၂) ဦးထက်မနည်း ဒဏ်ရာရ

20
Photo: Social Media

အောက်တိုဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေ၊ ဘူးသိုမြို့နယ်၊ မယ်နုထာ ကျေးရွာသို့ စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးသေဆုံးပြီး (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ယနေ့၊ အောက်တိုဘာ (၂၅) ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မယ်နုထာကျေးရွာအတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်က ဒီနေ့ မနက် ၁ နာရီမှာ လာကြဲသွားတာ။ ထိတဲ့အထဲမှာ သားအဖနှစ်ယောက်ပါတယ်။ သားကတော့ ဆုံးသွားတယ်” ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ပြောရေးဆိုခွင့်ရှိသူ စောအယ်ဒိုဝါးက ပြောသည်။

ထို့အပြင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာနိုင်သည့် အခြေအနေကြောင့် မယ်နုထာရွာ အနီးဝန်းကျင်နှင့် သံလွင်မြစ်နံ‌ဘေးတစ်‌လျှောက်ရှိကျေးရွာများ နေ့ရောညပါ သတိဖြင့် နေထိုင်ကြရန် အသိပေးမှုများရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Photo: Social Media

ဒေသခံ အမျိုးသားတစ်ဦးက “အခု သတိပေးချက် ထုတ်ပြန်ထားတယ်။ နယ်စပ်တစ်လျှောက် နေ့နေ့ညည သတိနဲ့နေကြဖို့။ ကျနော်တို့လည်း နားစွင့်ပြီး သတိနဲ့ အမြဲတမ်းနေရတယ်။ ထပ်ပြီးလာကြဲမယ့် အခြေအနေတော့ ရှိမယ်” ဟု ကေအိုင်စီကို ပြောသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်အုပ်စုသည် ဖာပွန်မြို့နှင့် ၎င်းတို့တပ်စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် မေလကတည်းက ထိုးစစ်ဆင်လာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ရာ တဖက်တွင်လည်း လူထုရှိနေသည့်ကျေးရွာများကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်ခြင်း၊ ရွာမီးရှို့ခြင်းတို့လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကေအဲန်ယူက မှတ်တမ်းပြုစုထုတ်ပြန်ချက်အရ ပြီးခဲ့သည့်စက်တင်ဘာတစ်လတည်းတွင်ပင် မူတြော်ခရိုင်အတွင်း ကျေးရွာများနှင့် ပြည်သူလူထု လုပ်ကိုင်စားသောက်သည့် နေရာများအပေါ် စစ်အုပ်စုက ဒရုန်းတိုက်ခိုက်မှု (၃၂) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ်နှင့် လက်နက်ကြီးတိုက်ခိုက်မှု (၃၃) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။