Home သတင်း ဘန်ကောက်ရှိ ရေဘေးသင့်ပြည်သူများကို OKRSO မှ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လှူဒါန်း

ဘန်ကောက်ရှိ ရေဘေးသင့်ပြည်သူများကို OKRSO မှ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လှူဒါန်း

16
Photo: OKRSO

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာများကို ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) မှ ယနေ့ အောက်တိုဘာ (၇) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

OKRSO နှင့် အခြားပြင်ပအလှူရှင်များ ပါဝင်မှုဖြင့် ဘန်ကောက်မြို့ရှိ လတ်ခရဘန် (Lat Krabang) နှင့် မင်းဘူရီ (Min Buri) ခရိုင်ရှိ ရေဘေးသင့် ပြည်သူများကို သောက်ရေသန့်ဘူး စုစုပေါင်း ၅၀၀ နှင့် ခေါက်ဆွဲခြောက်အပါအဝင် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ဥက္ကဋ္ဌ စောသောင့်ထောင်းက ပြောသည်။

“သောက်ရေသန့်ဘူး စုစုပေါင်း ကတ် ၅၀၀ နဲ့ ကျန်တာတွေကတော့ ခေါက်ဆွဲခြောက်လို စားစရာတွေ ပါတယ်။ သွားမယ့်နေရာမှာတွေက စျေးဝယ်ထွက်ဖို့ ခက်ခဲကြတယ်လေ။ လာတဲ့ လမ်းတချို့မှာတောင် ရေက ပေါင်နား ဒူးနားလောက် ရှိတယ်။ အဲ့ဒီရပ်ကွက်နေတဲ့ ထိုင်းရော မြန်မာရော အကုန်လုံးကို ကျနော်တို့ လှူသွားမှာပါ” ဟု စောသောင့်ထောင်းက ပြောသည်။

ရေဘေးကူညီပံ့ပိုးမှုအတွက် OKRSO ၏ ရန်ပုံငွေအချို့နှင့် တခြားအပြင်မှတဆင့် အလှူရှင်များ၏ လှူဒါန်းငွေများကို စုပေါင်းအသုံးပြုကာ ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး စုစုပေါင်း ထိုင်းဘတ်ငွေ ၃၀,၀၀၀ ခန့် ရရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ရေပြန်လည်ကျဆင်းမှု မရှိသေးသည့် ဒေသများတွင် ဒေသခံပြည်သူများမှာ စားသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း ထိုင်းသတင်းများအရ သိရသည်။

၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် OKRSO သည် ထိုင်းနိုင်ငံရောက် ကရင်လူမျိုးများအတွက် လူမှုကူညီရေးနှင့် အရေးပေါ်အကူအညီများ ပေးအပ်လျက်ရှိသည်။

ထို့အပြင် ထိုင်းနိုင်ငံရောက် ကရင်လူမျိုးများ ထိခိုက်နစ်နာမှုနှင့် သာရေးနာရေးကိစ္စများတွင် ကူညီပေးခြင်းရှိသလို ကရင်လူငယ်များအတွက် ကရင်စာပေ၊ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းများကိုလည်း OKRSO က ဖွင့်လှစ်သင်ကြားပေးနေခြင်း ရှိသည်။

ထို့အတူ စစ်ဘေးဒုက္ခသည်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများကို ကူညီပေးခြင်း၊ ကရင်ယဉ်ကျေးမှုနှင့် ရိုးရာအက ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် ပြည်ပရောက် ကရင်လူမျိုးများအတွက် ကရင်နှစ်သစ်ကူးပွဲတော်၊ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲများပြုလုပ်ခြင်းကိုလည်း နှစ်စဉ် ဦးဆောင်ကျင်းပပေးလျက်ရှိကြောင်း ဘန်ကောက်ရောက်ကရင်အသိုင်းအဝိုင်းမှ သိရသည်။