အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းရှိ မြေကွက်များအား သတ်မှတ်ကာလအတွင်း ခြံရှင်း၊ ခြံခတ်ခြင်းနှင့် နေအိမ်ဆောက်လုပ်ခြင်းတို့ကို မဖြစ်မနေ အပြီးဆောင်ရွက်ကြရန် ပြည်နယ်စစ်အုပ်စုလက်အောက်ရှိ မြေယာချထားရေးကော်မတီက အမိန့်ထုတ်ညွှန်ကြားထားကြောင်း သိရသည်။
မြို့ပြစီမံကိန်းအတွင်းရှိ အမှတ် ၁/၊ ၂ က/၊ ၃ ခ/ မှ ၁၉/ အထိ မြေကွက်များအားလုံး အဆိုပါညွှန်ကြားချက်တွင်အကျုံးဝင်မည်ဖြစ်၍ သတ်မှတ်ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်သွားကြရန် ပြည်နယ်စစ်အုပ်စုက ဆိုသည်။
ခြံရှင်း၊ ခြံခတ်ခြင်းနှင့် အိမ်ဆောက်လုပ်ခြင်းများအတွက် ၂၀၂၇ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ (၆ လအတွင်း) နောက်ဆုံးထား၍ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သလို အနိမ့်ဆုံး သွပ်မိုး၊ ပျဉ်ကာ အဆင့်ရှိ နေအိမ်များဆောက်လုပ်ခြင်းအတွက် ၂၀၂၈ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ (၁ နှစ် ၆ လအတွင်း) နောက်ဆုံးထားလုပ်ဆောင်ရန်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
စစ်အုပ်စု၏ညွှန်ကြားချက်ထွက်ရှိလာအပြီး မြေကွက်ဈေးများ သုံး၊ လေးဆမြင့်တက်လာသလို အိမ်ဆောက်လုပ်ရန် ငွေကြေးမတတ်နိုင်သည့် မြေကွက်ပိုင်ရှင်များအတွက်လည်း မြေကွက်ပြန်လည်ရောင်းချရသည့် အခြေအနေရှိနိုင်သည်ဟု မြေပိုင်ရှင် ဖားအံမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ခြံခတ်ခိုင်းတယ်။ အိမ်ဆောက်ခိုင်းတယ်။ ပြီးလည်းပြီးရော မြေဈေးတွေ ပိုတက်သွားတယ်။ ၁၀၀ ကျော်နဲ့ဝယ်ထားတာ အခု ၃၀၀၊ ၄၀၀ ကျော် ဖြစ်သွားပြီ။ လမ်းမတန်းနားက မျက်နှာစာကျတော့ VIP ပေါ့။ သူ့စျေးက တစ်ထောင်နီးပါး ရှိတယ်။၂၀၂၈ မတိုင်ကတော့ အိမ်အပြီးဆောက်ရမယ်။ မဆောက်နိုင်တဲ့သူတွေကျတော့ ပြန်ရောင်းထုတ်ပေါ့” ဟု ၎င်းအမျိုးသမီးက ပြောသည်။

တဖက်တွင်လည်း အခြေခံစားသောက်ကုန်မှစ၍ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အိမ်အသေးစားနှင့် အလတ်စားတစ်လုံး ဆောက်လုပ်ရန်ပင် ကျပ်သိန်း ၁၀၀ ထက်မနည်း ကုန်ကျနိုင်၍ အခက်အခဲရှိကြောင်း တောင်ကလေးတိုးချဲ့အိမ်ရာတွင် မြေကွက်ဝယ်ထားသူအချို့ထံမှ သိရသည်။
ထို့အတူ မြို့ခံများပြောပြချက်အရ ပြည်နယ်စစ်အုပ်စုသည် ၎င်းတို့သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါက မြေကွက်ပြန်လည်သိမ်းယူမည်ဟု ကြေညာထားခြင်းလည်းရှိနေသည်။
တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းတွင် ပေ ၄၀ ပေ ၆၀ အကျယ် မြေကွက်များမှာ နေရာအလိုက် ဈေးနှုန်းကွာခြားသလို VIP မြေကွက်များသည် ကျပ်သိန်း ၅၀၀ အထက်မှာရှိသည်။
အလတ်တန်းစားမြေကွက်များမှာ ကျပ်သိန်း ၃၀၀ ဝန်းကျင်နှင့် ရိုးရိုးမြေကွက်များသည် ကျပ်သိန်း ၂၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဒေသတွင်းသတင်းရင်းအမြစ်များက ဆိုသည်။


















