Home သတင်း ထိုင်း-မြန်မာနယ်စပ်တွင် ငွေလိမ်ခိုင်းစေခံရသည့် ဂျပန်အမျိုးသား(၂) ဦးကို ထိုင်းအာဏာပိုင်များ ကယ်ထုတ်

ထိုင်း-မြန်မာနယ်စပ်တွင် ငွေလိမ်ခိုင်းစေခံရသည့် ဂျပန်အမျိုးသား(၂) ဦးကို ထိုင်းအာဏာပိုင်များ ကယ်ထုတ်

19
Photo: Bangkok Post

အောက်တိုဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံဘက်သို့ အွန်လိုင်းဖြင့်ငွေလိမ်(ကျားဖြန့်)လုပ်ရန် အဓမ္မခိုင်းစေခံရသည့် ဂျပန်အမျိုးသား(၂)ဦးကို ထိုင်းအာဏာပိုင်များနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတာဝန်ရှိသူများက ပြီးခဲ့သည့် အောက်တိုဘာ(၂)ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ထိုင်းမီဒီယာများဖော်ပြချက်အရ သိရသည်။

လစာအမြောက်အများရမည်ဟုဆိုကာ လူမှုကွန်ရက်ပေါ်အလုပ်ခေါ်စာမှတဆင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် အသက်(၂၀)ဝန်းကျင်အရွယ် အဆိုပါဂျပန်လူငယ်နှစ်ဦးကို ကျားဖြန့်လုပ်ဆောင်သူများက ကန်ချနပူရီနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ခိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။

၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့၊ ရှမ်းကုန်းရပ်ကွက်အနောက်ဘက်၊ သီရိရတနာလမ်းသွယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် ခြံဝန်းအတွင်း နေထိုင်လုပ်ကိုင်လျက်နေခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်ပေါက်မှတဆင့် တာဝန်ရှိသူများက ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ ခံအချို့နှင့် လက်နက်ကိုင်အသိုင်းအဝိုင်းမှ သိရသည်။

“မနေ့က သုံးဆူ၊ ရှမ်းကုန်း ဆေးရုံအနောက်ရပ်ကွက် ခိုးလမ်းကနေ ဂျပန်(၂)ယောက်ကို ပြန်ကယ်ထုတ်သွားတယ်။ ကျားဖြန့်ခြံကနေ ထိုင်းထောက်လှမ်းရေးနဲ့ရဲတွေ ပြန်ကယ်ထုတ်ခဲ့တာ။ အဲ့ဒီခြံဝင်းက သီရိရတနာလမ်းသွယ်ထဲမှာ ထိုင်းရပ်ကွက်နဲ့ကပ်လျှက်ပဲ ရှိနေတာ” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာပိုင်များထံထွက်ဆိုချက်အရ ၎င်းတို့(၂)ဦးသည် အစိုးရအရာရှိများအဖြစ် ဟန်ဆောင်ကာ ဂျပန်နိုင်ငံရှိ အသက်အရွယ်ကြီးရင့်သူများထံ ငွေကြေးလိမ်လည်ရန် ခိုင်းစေခံရပြီး လုပ်ခလစာ လုံးဝမရသည့်အပြင် အိမ်ပြန်လိုပါက လျော်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခံခဲ့ရခြင်းရှိသည်။

Photo: Bangkok Post

ထို့ကြောင့် ဂျပန်နိုင်ငံရှိမိသားစုဝင်များထံ ဆက်သွယ်အကြောင်းကြားရာမှ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအကူအညီဖြင့် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

လက်ရှိ ဘုရားသုံးဆူမြို့၌ စစ်အုပ်စု၏ဌာနဆိုင်ရာ ယန္တရားလည်ပတ်နေသလို မြို့အုပ်ချုပ်မှုအား ကရင်လက်နက်ကိုင်အဖွဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA က အဓိကချုပ်ကိုင်ထားသည်။

ယင်းကြောင့် နယ်မြေအတွင်း နိုင်ငံခြားသားများ လူကုန်ကူး၊ ကျားဖြန့်ခိုင်းစေခံရသည်နှင့်ပတ်သက်ပြီး DKBA ပြောရေးဆိုခွင့်ရှိသူနှင့်မြို့တာဝန်ရှိသူထံ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကမူ ဘုရားသုံးဆူတွင် ကျားဖြန့်အဆောက်အအုံသစ်များ ဆောက်လုပ်နေပြီး တရုတ်လူမျိုးများ ဝင်ရောက်နေထိုင်ကြကြောင်း သတင်းထွက်ပေါ်လာသည့်အပေါ် DKBA ဗိုလ်မှူးကြီး စောအေဝမ်းဘက်က တုံ့ပြန်ငြင်းဆိုဖူးသည်။

သို့ရာတွင် ထိုင်းသတင်း၌ ဂျပန်လူမျိုး(၂)ဦးနေထိုင်ခဲ့သည့် ကျားဖြန့်ခြံဝင်းအတွင်း တရုတ်လူမျိုးအများစုအပြင် အနောက်နိုင်ငံသားများ စုစုပေါင်း လူဦးရေ (၂,၀၀၀) မှ (၃,၀၀၀) ဝန်းကျင် ငွေလိမ်လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ အဓိကအားဖြင့် အမေရိကန်၊ တရုတ်နှင့် ဂျပန်အပါအဝင် နိုင်ငံအများအပြားကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူဂျပန်လူငယ်(၂)ဦးက ထွက်ဆိုထားသည်။

Photo: Bangkok Post

တဖက်တွင်လည်း ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများလည်ပတ်နေမှု၊ လူကုန်ကူးမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် ဥရောပသမဂ္ဂ(EU)က DKBA အဖွဲ့အပါအဝင် ၎င်းတို့ အဖွဲ့ခေါင်းဆောင် (၅) ဦးကို ဇူလိုင်လ(၃၀)ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ရှိခဲ့သည်။

လက်ရှိ ထိုင်းအာဏာပိုင်များသည် ကျားဖြန့်မှလွတ်မြောက်လာသော ထိုဂျပန်လူငယ်(၂)ဦးကို လူကုန်ကူးခံရသူများအဖြစ် အတည်ပြုထားနိုင်ပြီး ထိုင်းဥပဒေအောက်တွင် အကာအကွယ်ပေးထားရကြောင်း သိရသည်။

အလားတူ ကန်ချနပူရီနှင့် စံခလပူရီ ခရိုင်အတွင်းသို့ နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော်သွားလာမှုကို အဓိကထားစောင့်ကြည့်စစ်ဆေးရန် အာဏာပိုင်များက ညွှန်ကြားထားသလို လူမှုကွန်ရက်ပေါ်ရှိ လစာများများမက်လုံးပေးနေသည့် အလုပ်ခေါ်စာများကို သတိထားကြရန်နှင့် အကူအညီလိုအပ်ပါက ထိုင်းရဲတပ်ဖွဲ့ထံ အသိပေးအကြောင်းကြားနိုင်ကြောင်း အသိပေးထားသည်။