အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တွင် အသက် (၃၃) နှစ် အရွယ်ရှိ ကရင်အမျိုးသမီးတစ်ဦးက ၂၉ ပတ်ကျော(၇ လနှင့်တစ်ပတ်) ကြာ ကိုယ်ဝန်ဆောင်ကာ မွေးဖွားခဲ့သော လေးမွှာပူး ကလေးများ ကျန်းကျန်းမာမာဖြင့် အသက် (၈) လပြည့်ခဲ့ကြောင်း ထိုင်းသတင်းများ ဖော်ပြချက်အရ သိရသည်။
မိခင်၏ ဝမ်းဗိုက်အတွင်း မျိုးဥတစ်လုံးတည်းတွင်သာ သန္ဓေတည်၍ အချင်းတိုင်တစ်ခုတည်းမှ အာဟာရမျှဝေသုံးစွဲခဲ့သော အဆိုပါကလေးငယ်များမှာ လမစေ့ဘဲ မွေးဖွားခဲ့ခြင်းကြောင့် အဆုတ်မဖွံ့ဖြိုးသေးဘဲ အထူးကြပ်မတ် ကုသမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ကို အသက် ၈ လ အတွင်း မိခင်အပါအဝင် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်စောင့်ရှောက်မှုပေးခဲ့ရပြီး ယခုအခါ အသက်ရှူလာနိုင်ခြင်း၊ ဖြည့်စွက်အစာစားနိုင်ခြင်းနှင့် ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးလာကြောင်း အောက်တိုဘာလ ၁၄ ရက်နှင့် ၁၅ ရက်က ပြုလုပ်သော မိခင်ကလေးဆိုင်ရာ ဆေးပညာသတင်းစာရှင်းလင်းပွဲတွင် ထိုင်းကျန်းမာရေးပညာရှင်များက ဆိုသည်။
ထို့အပြင် မျိုးဥတစ်လုံးတည်းမှ သဘာဝအလျောက် လေးမွှာပူး သန္ဓေတည်မွေးဖွားနိုင်ခြေသည် အကြိမ်ရေ ၇ သိန်းတွင် ၁ ကြိမ်သာ ဖြစ်လေ့ရှိပြီး အလွန်ရှားပါးသောဖြစ်စဥ်ဟု ကျန်းမာရေးပညာရှင်များက ရည်ညွှန်းသည်။ ကလေးများမှာ မွေးကာစ ကိုယ်အလေးချိန် ၁,၁၁၀ ဂရမ်၊ ၁,၂၉၅ ဂရမ်၊ ၁,၁၁၅ ဂရမ်နှင့် ၈၀၀ ဂရမ် အသီးသီး ရှိကြသည်။

အိုင်ဒီယာ (Idea) ၊ အီဗာ (Iva)၊ အီဒါ (Ida) နှင့် အီရာ (Ira) အမည်ရှိကလေးငယ်များကို မွေးကင်းစ ၂ ရက်မှ စ၍ နို့ရည်တိုက်ကျွေးခဲ့ရပြီး တစ်ပတ်အတွင်း နို့ရည်သောက်သုံးမှု ပြည့်မီစေရန် ချင်းမိုင်တက္ကသိုလ်၊ မိခင်နို့ရည်ထိန်းသိမ်းရေးဌာနမှ လှူဒါန်းသော နို့ရည်များကို အသုံးပြုခဲ့ရကြောင်းလည်း သတင်းစာရှင်းလင်းပွဲကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။
မယ့်စရီးယန်းဒေသခံ ကရင်အမျိုးသမီးသည် အမွှာကလေးများ ကိုယ်ဝန် ၂၃ ပတ်တွင် မယ့်စရီးယန်းဆေးရုံမှ ချင်းမိုင်ဆေးရုံသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်သည်။ ထို့အပြင် မူလဆေးရုံ၌ ပထမအကြိမ်စစ်ဆေးမှုအရ သုံးမွှာပူးကိုယ်ဝန်အဖြစ် စစ်ဆေးသိရှိရသော်လည်း နောက်ဆုံး အသေးစိတ်စစ်မှ လေးမွှာပူး ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။
ထို့နောက် ကိုယ်ဝန် ၂၉ ပတ်နှင့် ၅ ရက်ရောက်မှသာ ချင်းမိုင်မြို့ရှိဆေးရုံ၌ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ မေ့ဆေးဆရာဝန်နှင့် သူနာပြုများ၊ ခွဲစိတ်ခန်းသူနာပြုများ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း (၃၀) နီးပါး ဖြင့် တစ်နာရီကြာခွဲစိတ်မှု ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။
ထို့အတူ အဆိုပါကလေးငယ်များ ၈ လအရွယ်အထိ ကျန်းမာနေခြင်းသည် မိဘများ၏ စောင့်ရှောက်မှု၊ မိခင်နို့ရည်တိုက်ကျွေးမှုနှင့် ဆေးဘက်ဆိုင်အစီအမံများအတိုင်း လိုက်ပါဆောင်ရွက်ခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း ကျန်းမာရေးပညာရှင်များက ဆိုသည်။


















