Home သတင်း မြဝတီမြို့ရေကူးကန်တွင် (၁၂) နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး

မြဝတီမြို့ရေကူးကန်တွင် (၁၂) နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး

28

အောက်တိုဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ရှိ ကစားကွင်းရေကူးကန်တစ်ခု၌ ယမန်နေ့ အောက်တိုဘာ(၂၆)ရက်၊ သီတင်းကျွတ်လပြည့်နေတွင် သွားရောက်လည်ပတ်ရေကူးရင်း အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူထံမှသိရသည်။

မောင်ကျော်ဇေယျာလင်းအမည်ရှိ အဆိုပါကလေးငယ်မှာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခကြေးငွေပေး၍ အားကစားကွင်းနှင့်တွဲဖွင့်ထားသာ အန်ကယ်ကြီးရေကူးကန်နေရာသို့ ယမန်နေ့က မိသားစုနှင့်အတူ သွားရောက်ရေကစားရာမှ မွန်းလွဲ(၁)နာရီဝန်းကျင်တွင် ရေနစ်သေဆုံးသွားခြင်းဖြစ်သည်။

“သူရေကူးတဲ့အချိန်မှာ ရေကန်ထဲမှာ ရေကူးတဲ့လူများတယ်။ သတိမထားမိကြတဲ့အချိန် မှာ ဖြစ်သွားတာလို့ပြောတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကလေးငယ်ကို ရေနစ်နေရာမှကယ်ဆယ်ပြီးနောက် မြဝတီဆေးရုံမှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း အသက်သေဆုံးသွားသည်ဟု ဖြစ်စဥ်ကိုသိရှိသူမြို့ခံများက ဆိုသည်။

လူသေဆုံးမှုဖြစ်ပွားသည့် ရေကူးကန်သည် အခကြေးငွေ ပေးဆောင်ကာ ဝင်ရောက်ခွင့်ရသည့် နေရာဖြစ်သော်လည်း ယခုလို ကလေးရေနစ်သည့်အချိန်တွင် အစောင့်ဝန်ထမ်းများ မရှိသောကြောင့် ပေါ့ဆမှုတစ်ခုအနေဖြင့်လည်း ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

Photo: CJ