အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ဗျောက်အိုးဖောက်၍ ဆူညံသံထွက်ပေါ်မှုများနှင့် အခြားသူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အပြုအမူများကြောင့် တိုင်ကြားချက်အများအပြား ရှိနေကြောင်း မဲဆောက်မြို့ အခြေစိုက်ရဲစခန်း၏ အောက်တိုဘာလ (၂၆) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ညနေပိုင်းအချိန် ဗျောက်အိုးဖောက်ခြင်းကြောင့် ဆူညံသံများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူစိတ်အနှောက်အယှက်ဖြစ်ရခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ချေကြောင့် မဲဆောက်ရဲစခန်းသို့ အများပြည်သူတိုင်ကြားမှုရှိနေသည်။
ထို့ကြောင့် မဲဆောက်ရဲတပ်ဖွဲ့ဝင်များက တိုင်ကြားချက်ရှိရာနေရာသို့ ချက်ချင်းလာရောက်ဖြေရှင်းပေးခြင်း၊ မြို့တွင်း နေရာအနှံ့အပြားတွင် အသိပညာပေးခြင်းနှင့် ကင်းလှည့်လည်ခြင်းတို့ လုပ်ဆောင်နေသဖြင့် နောက်ဆက်တွဲအထောက်အထားပြဿနာများ မဖြစ်ရေး သတိထားကြရန် ရွှေ့ပြောင်းမြန်မာများကို မဲဆောက်ရှိ မြန်မာပြည်သားအသိုင်းအဝိုင်းက သတိပေးသည်။
“အိမ်နီးချင်းတွေက တိုင်ကြားလာရင် ရဲလာစစ်တာရှိနိုင်သလို အထောက်အထားမပြည့်စုံတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက်လည်း မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ အိမ်နီးချင်းတွေကို လေးစားပြီး ဆူညံမှုမဖြစ်အောင် သတိထားနေထိုင်ဖို့ အရေးကြီးပါတယ်”” ဟု အလုပ်သမားအရေးဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် အိမ်ငှားနေထိုင်သူများအနေဖြင့် အိမ်ရှင်များ၏ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်နှင့် အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်သူများ မိမိတို့၏ အပန်းဖြေမှုကြောင့် အခြားသူ ထိခိုက်နစ်နာမှုမရှိစေရန် နေထိုင်ရာဒေသ၏ လူမှုစည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်တိုက်တွန်းသည်။
မဲဆောက်ရဲတပ်ဖွဲ့သည် ဗျောက်အိုးနှင့် မီးရှူးမီးပန်းဖောက်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများကြောင့် လူနာများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အိမ်မွေးတိရစ္ဆာန်များကို ထိခိုက်စေနိုင်သဖြင့် အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရန် မဖောက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားခြင်းရှိသည်။
ထို့အပြင် ဗျောက်အိုးဖောက်ခြင်းကြောင့် အနှောင့်အယှက်ဖြစ်ရခြင်း သို့မဟုတ် အန္တရာယ်ကြုံတွေ့ရခြင်းများရှိပါက မဲဆောက်ရဲစခန်း၏ ဖုန်းနံပါတ် 055-531-130 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အာဏာပိုင်များက တပါတည်းထုတ်ပြန်ထားသည်။
မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း သီတင်းကျွတ်လပြည့်ရက်မတိုင်ခင်ကတည်းက အာဏာပိုင်အဖွဲ့စုံမှ စစ်ဆေးဖမ်းဆီးမှုများရှိခဲ့ရာ မြန်မာပြည်သားအများအပြားနေထိုင်ရာ နေရာများ ဝင်ရောက်စီးနင်းခံရသလို အထောက်အထားမစုံ၍လည်းကောင်း တရားမဝင်ပြစ်မှုကျုးလွန်ခြင်းတို့ကြောင့်လည်းကောင်း မြန်မာအပါအဝင် နိုင်ငံခြားသားအများအပြား ဖမ်းဆီးခံခဲ့ရသေးသည်။


















